Wednesday, August 29, 2012

SSA-S တပ်ဖွဲ့ဝင်များကို UWSA ပြန်မလွှတ်ပေးသေး

ကောင်းဝါ

တလခန့် ဖမ်းဆီး ခံထားရသည့် မိမိတို့ တပ်ဖွဲ့ဝင်များအား ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ပြန်လွှတ်ပေးခြင်း မရှိ သေးကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) က ပြောသည်။

“ခုထိ လွှတ်ပေးဖို့ တရားဝင် ပြောလာတာ မရှိသေးဘူး” ဟု SSA-S ၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။

နှစ်ဘက်တပ်ဖွဲ့ဝင်များ၏ ထိစပ်နယ်မြေ ဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုန်မြို့နယ်အတွင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က SSA-S တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် စွပ်စွဲပြီး UWSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

မိမိတို့၏ တပ်စခန်းဟောင်း နေရာတွင် တပ်စခန်း လာရောက် ဆောက်လုပ်ခြင်းကြောင့် SSA တပ်ဖွဲ့ဝင်များကို ဖမ်းဆီး ထိန်းသိမ်းရခြင်း ဖြစ် သည်ဟု UWSA က ပြောသည်။

ထိုကိစ္စကြောင့် နှစ်ဘက်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုများ ရှိပြီး အေးချမ်းစွာ ဖြေရှင်းသွားကြမည်ဟု နှစ်ဘက်တပ်ဖွဲ့မှ အရာရှိများက ပြော သည်။

“အောက်ခြေမှာ ဖြစ်တဲ့ကိစ္စလို့ပဲ ကျနော်တို့ သဘောထားပါတယ်။ ဒီကိစ္စကို တွေ့ဆုံဆွေးနွေးပြီး တော့ အဖြေရှာသွားမယ်” ဟု စိုင်းလောင် ဆိုင် က ပြောသည်။

UWSA ဘက်ကလည်း “တင်းမာနေကြတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က တိုက်ဖို့ ဆန္ဒ မရှိပါဘူး။ ဆက်ပြီး ညှိနှိုင်းသွားမယ်” ဟု ဝိန်ကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင် က ပြောသည်။

နှစ်ဘက် ညှိနှိုင်းမှု အဆင်ပြေပါက ဖမ်းဆီးထားသည့် SSA တပ်ဖွဲ့ဝင်များအား ကောင်းမွန်စွာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်းလည်း ဦး စော လွင် က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ (၁) ရက်နေ့နှင့် (၄) ရက်နေ့များတွင်နှစ်ဘက်ကိုယ်စားလှယ်များနှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ကြသော် လည်း ဖမ်းဆီးခံထားရသည့် SSA တပ်ဖွဲ့ဝင်ကိစ္စကို မဆွေးနွေးနိုင်သေးကြောင်း စိုင်းလောင်ဆိုင် က ပြောသည်။

“သူတို့ ဖိတ်ခေါ်လို့ ကျနော်တို့ နှစ်ကြိမ် သွားတွေ့တယ်။ဒါပေမဲ့သူတို့ဘက်ကအထက်ညွှန်ကြား မိန့်မရသေးဘူးဆိုပြီးနှစ်ကြိမ်လုံးဒီအကြောင်း မဆွေးနွေး ဖြစ်ဘူး” ဟု စိုင်းလောင်ဆိုင် က ပြောသည်။

UWSA နှင့် SSA-S တို့သည် အစိုးနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် ဒီဇင် ဘာ လအတွင်း ပြည်နယ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်က ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ်အတွင်းရှိ ဟိုမိန်းနှင့် မုန်းထားမြို့နယ်ခွဲများအား SSA-S ဗဟိုဌာနချုပ် ဒေသအဖြစ် သတ်မှတ်ရန် သဘောတူခဲ့သည်။

ထိုဒေသတွင် UWSA နှင့် SSA-S တို့ အခြေချထားကြပြီး၊ ဒေသတွင်း နယ်မြေ သတ်မှတ်ရေးနှင့် ပတ်သက်၍ သီးသန့် သဘောတူထား ခြင်း မရှိသေးကြောင်း သိရသည်။

No comments: