ကာဗီချုံကစ်တာဗွန်
ဗုဒ္ဓဟူးနေ့ဆိုလျှင် အာဆီယံ သက်တမ်း ၄၅ နှစ် ပြည့်တော့မည်။ ယခုလိုအချိန်တွင် အဖွဲ့ကြီးကို တည်ထောင်ခဲ့သူထံမှ သတိပေး စကား သည် ပိုလို့ပင် ကျယ်လောင်လာနေသည်။
“အာဆီယံအနေနဲ့ တစုတစည်းထဲမနေရင် အကွဲကွဲအပြားပြား ဖြစ်ကုန်လိမ့်မယ်” ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး အက်စ်ရာဂျာရတ်နမ် က ၁ ၉၆၇ ခုနှစ်က အာဆီယံအဖွဲ့ကြီးကို တည်ထောင်အပြီး ထိုအချိန်က ဘာကြောင့် တစုတစည်းထဲ နေဘို့ လိုအပ်ကြောင်းကို ပြောရာတွင် ထည့် သွင်း ပြောကြားသွားခဲ့သည်။
ယခုလိုအချိန်တွင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟွန်က ပူးတွဲ ကြေညာချက်သစ် ထုတ်ပြန်နိုင်ရေး အတွက် အခြားနိုင်ငံ များမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆက်သွယ် ကြိုးပမ်းနေဆဲပင် ရှိသေးသည်။ ယင်းတွင် ကမ္ဘောဒီးယားတွင် နောက်ဆုံး ကျင်းပခဲ့သော အစည်းအ ဝေးတွင် မထုတ်ပြန်ဖြစ်ခဲ့သည့် ပူးတွဲကြေညာချက်မှ အစည်းအဝေး ဆုံးဖြတ်ချက်များ ပါဝင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အဖွဲ့ဝင် နိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုမှာ ဆုံးရှုံးသွား ခဲ့ရပြီဖြစ်သည်။ ယင်းကို အလျှင်အမြန်ပြန်လည်အ သက် သွင်းရန် လိုနေပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် ကုန်အထိတော့ သူတို့သည် ရှေ့ဆက်ဆောင်ရွက်ရမည့် အဓိက လုပ်ငန်းများ ပါဝင်သည့် စာရင်းတွင်သာ သဘောတူညီချက် ရရှိသေးသည်။ ပြဿနာမှာ အဆိုပါ စာရင်းတွင် အားလုံး တညီတညွတ်တည်း သဘော တူရန် လိုအပ်နေ သည့် အငြင်းပွါးစရာ တောင်တရုတ် ပင်လယ် ပိုင်နက်နယ်မြေ အငြင်းပွါးမှု ပါဝင်နေခြင်းပင် ဖြစ်သည်။
အဆိုပါ ပူးတွဲကြေငြာချက် ထုတ်ပြန်ဖြစ်ရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ကေ ရှန်မူ ဂန်တို့၏ ကြိုးပမ်းမှုများမှာ နောက်ဆုံးအချိန်ကျမှ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟော်နမ်ဟွန်၏ နှပ်ပစ် ခံခဲ့ရပုံ အကြောင်းများ ကို ယခု ရက် သတ္တပတ်များအတွင်း အာဆီယံ သံတမန် အသိုင်းအဝိုင်း အကြား ပြောဆိုနေကြသည်။
တောင်တရုတ်ပင်လယ် အရေးအခင်းသည် အာဆီယံ၏ အခြား အရေးကိစ္စများအပေါ် လွှမ်းမိုးလာမည်ကို အာဆီယံနိုင်ငံအချို့က အ လွန်အ မင်း စိုးရိမ်ပူပန်နေကြသည်။ ယခု သဘောကွဲလွဲမှုကိုသာ မဖြေရှင်းနိုင်ပါက လာမည့် နိုဝင်ဘာ တတိယ ပတ်တွင် ကျင်းပရန်ရှိ သည့် ထိပ်သီး အစည်းအဝေးများလည်း ပျက်ပြားမည့်ပုံ ရှိနေသည်။ ထို့ပြင် အခြား အနာဂါတ် အစီအစဉ်များကိုလည်း ထိခိုက်စေလိမ့် မည် ဖြစ်သည်။
အင်ဒိုနီးရှား သမ္မတ ဘန်ဘန်ဆူဆီလိုယူဒိုယူနို နှင့် စင်္ကာပူဝန်ကြီးချုပ် လီရှင်းလုံ တို့က ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်ထံ ပုဂ္ဂိုလ် ရေး မေတ္တာရပ်ခံစာပို့အပြီး နောက်တရက်မှာပင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကလည်ပြင်းပြင်းထန်ထန် ရေးသားထားသည့် စ ကားလုံး များ ပါဝင်သည့် စာတစောင်ကို အလားတူ ရေးသားပေးပို့ခဲ့သည်။တောင်တရုတ်ပင်လယ် အငြင်းပွါးမှုသည် အာဆီယံ အသိုင်း အဝိုင်းတည် ဆောက်ထားမှုကို မထိခိုက်စေသင့်ကြောင်း အဆိုပါစာတွင် ရေးသားထားသည်။
အဆိုပါ ကြိုးပမ်းမှုများတွင် မပါဝင်ဘဲ ရှက်ဖွယ်လိလိ ကျန်နေခဲ့သူမှာ ထိုင်းနိုင်ငံပင် ဖြစ်သည်။ ထိုင်းသည် လက်ငင်းတွင်အာဆီယံတရုတ် အ ကြားညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်ပေးနေသည့် နိုင်ငံလည်း ဖြစ်သည်။ ဟွန်ဆင်ကလည်း သူ့ နိုင်ငံခြားရေးဝန်ကြီး ဟော်နမ် အာဆီ ယံ နိုင်ငံခြားရေး ဝန်ကြီးများထံ ဇူလိုင် ၂၆ ရက် နေ့စွဲဖြင့် ဖြန့်ဝေထားသည့် စာကို အမှတ်တမဲ့ ရည်ညွှန်းကာ တုံ့ပြန်ပြောဆိုမိခဲ့ သည်။ အဆိုပါစာ သည် အာဆီယံ အတွင်းပိုင်းတွင်သာ ဖြန့်ဝေရန်ရေးသားထားသည့်စာ ဖြစ်ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ဇူလိုင် လအစည်းအဝေးအတွင်း ကြိုးပမ်းဆောင်ရွက်မှု များ အကြောင်း အသေးစိတ် ရေးသားထားသည့်စာ ဖြစ်သည်။ အဆိုပါ အစည်းအဝေး တွင် တောင်တရုတ်ပင်လယ် အ ငြင်းပွါးမှုကို ပူးတွဲကြေညာချက်တွင် ထည့်သွင်းမဖော်ပြနိုင်ဘဲ ဖြစ်ခဲ့ရသည်။
ပူးတွဲ ကြေညာချက်သစ်တရပ်ကို နောက် ၄၈ နာရီအတွင်း ထုတ်ပြန်ကြေညာခြင်း မပြုနိုင်ပါက အာဆီယံအဖွဲ့ကြီးအနေဖြင့်သမိုင်းတလျှောက် အမှောင်မိုက်ဆုံး ကာလကို ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။ ပို၍အရေးကြီးသည့်အချက် မှာအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက် နေသည့် ကမ္ဘောဒီးယားနိုင်ငံအတွက် သိက္ခာကျစရာ ဖြစ်လာမည့် အရေးပင် ဖြစ်သည်။ လွန်ခဲ့ သော ၄၅ နှစ်တာကာလအာဆီယံအဖွဲ့ကြီး၏ အောင်မြင် မှုများကို မီးမောင်းထိုးပြရန် ကြိုးပမ်းနေခိုက်တွင် ယခုကဲ့သို့ အဖြစ်မျိုး ပေါ် ပေါက် လာရခြင်း ဖြစ်သည်။ ဖနွမ်းပင်ကြေညာချက်ကိုထို့အတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ယင်းမှာ အနှစ်မပါ ဗလာဟင်းလင်း ကြီး ဖြစ်နေသည်။
နောင်အနာဂါတ်တွင် အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်မည့် နိုင်ငံများလိုက်နာရန် လမ်းညွှန်ချက်များ လုပ်ထုံး လုပ်နည်းများကို ရေး ဆွဲ ထားရှိရန် လိုအပ်မည် ဖြစ်ကြောင်း အရာရှိများနှင့် ပညာရှင်များအကြား အလွတ်သဘောဆွေးနွေးမှု အချို့လည်း ရှိနိုင်ပါသည်။ ယခု လော လောဆယ်တွင်တော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနှင့် အာဆီယံ အဖွဲ့အစည်းများအကြား ဆက်ဆံရေးနှင့်ပတ်သက်၍ စည်းမျဉ်းဥ ပဒေ ဟူ၍ တိတိကျကျ မရှိသေးပါ။ အာဆီယံ အထွေထွေအတွင်းရေးမှူးနှင့် ယင်း၏ဝန်ထမ်းအဖွဲ့က မည်သို့မည်ပုံ အကူအညီများ ပေး နိုင်ကြောင်းလည်း တိတိကျကျပြဋ္ဌာန်းချက် မရှိသေးပါ။ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်း လေးခုလုံးလုံး လုပ်ခဲ့သလိုပင် အာဆီယံနိုင်ငံများ အကြား မည်သည့် ပြ ဿနာပဲဖြစ်ဖြစ် တညီတညွတ်တည်းသော သဘောတူညီချက်ကို အလွယ်တကူပင် ရနိုင်မည် ဖြစ်သည်ဟု အာ ဆီယံ နိုင်ငံခြားရေး ဝန်ကြီး များက ပေါ့ပေါ့ဆဆ သဘောထားခဲ့ ကြသည်။ သို့သော် ဖနွမ်းပင် အဖြစ်အပျက်ကြီး အပြီးတွင်တော့ ယင်းအ ခြေအနေ တခုလုံး ပြောင်း လဲ သွားခဲ့သည်။
ပို၍ အရေးပါသည့်အချက်မှာ ကဏ္ဍအသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆက်သွယ်မှု ပိုမိုကောင်းမွန် အကျိုးရှိစေရေးအ တွက် အတွင်းရေးမှူးချုပ်၏ အနေအထားကို ပြန်လည်ဆန်းစစ်သုံးသပ်ရန် လိုအပ်လာခြင်းပင်ဖြစ်သည်။ အမှန်စင်စစ် အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် ကလည်း ရေပိုင်နက် အငြင်းပွါးမှုနှင့် စပ်လျဉ်း၍ အဖွဲ့ဝင် နိုင်ငံများအကြား သဘောကွဲလွဲမှုများကို အရေးတ ကြီး ဖြေရှင်းရန် လိုအပ်ကြောင်း ယခင်နှစ်ကတည်းကပင် မိမိ၏ထောက်ခံတင်ပြချက် အများအပြားကို အဖွဲ့ကြီးထံ ပေးပို့ခဲ့ပြီးဖြစ်သည်။ အာဆီယံအဖွဲ့ကြီးနှင့် ယင်း၏ အတွင်းရေးမှူးအဖွဲ့တို့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများအကြောင်း ရေးသားထားသည့် မိမိ၏ အထူးအစီ ရင်ခံစာတရပ်ကို လွန်ခဲ့သော နှစ်က အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံထံ ဒေါက်တာ ပစ်ဆူဝမ်ကပေးပို့ခဲ့ပြီး ဖြစ်သည်။ အာဆီယံ အဖွဲ့အစည်း များအကြား များမြောင်လှသည့် တာဝန် ဝတ္တရားများ အခန်းကဏ္ဍများ၊ ယင်းအဖွဲ့အစည်းများ အကြား တခုနှင့်တခု မည်သို့မည်ပုံ ဆက်စပ်နေ သည် ဆိုသည်တို့နှင့်စပ်လျဉ်း၍ တိတိကျကျရေးဆွဲချမှတ်ထား ပါရန် အဆိုပါ အထူး အစီရင်ခံ စာတွင် သူက အာဆီယံ ခေါင်းဆောင်များ ကို တိုက်တွန်း ထားခဲ့သည်။
အာဆီယံ ပဋိဉာဉ်စာတန်းကြီး ၂ဝဝ၈ ခုနှစ်တွင် အသက်ဝင်လာပြီးနောက် မြောက်များလှစွာသော အာဆီယံ သဘောတူစာချုပ်များနှင့် ကတိ ကဝတ်များကို အဖွဲ့ဝင် နိုင်ငံများ လိုက်နာရာတွင် အထောက်အကူပြုရန်အတွက် အာဆီယံ အာဏာပိုင်အဖွဲ့အစည်းသစ်များကို ဖွဲ့စည်းတည် ထောင်ခဲ့သည်။ ယင်းတို့မှာ အာဆီယံ ညှိနှိုင်းဆောင်ရွက်ရေး ကောင်စီ၊ အာဆီယံ လူမှု ရေးနှင့်ယဉ်ကျေးမှုကောင်စီ၊အမြဲတမ်းကိုယ်စားလှယ် များ ကော်မတီတို့ ဖြစ်ကြသည်။ တချိန်တည်းတွင် အာဆီယံ အတွင်းရေးမှူးချုပ် ရာထူးကို အာဆီယံအဖွဲ့ကြီး၏ အုပ်ချုပ် ရေးအရာရှိချုပ်အာ ဏာအပ်နှင်း ခဲ့ပြီး ဝန်ကြီးအဆင့်အတန်းလည်း ပေးထားခဲ့သည်။ အာဆီယံ အတွင်းရေးမှူးအဖွဲ့တွင် တာဝန်ထမ်း ဆောင်ခြင်း မပြုမီကဆူရင် သည် ဝန်ကြီးအဆင့်အတန်း ရှိသည့် ပထမဆုံးသော အာဆီယံ အကြီး အကဲ ဖြစ်သည်။ ထို့ကြောင့် ဆူရင်ကို ဆက်ခံသူ ဗီယက်နမ်မှ လီယုံ မင်းမှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေခြင်း ဖြစ်သည်။
အာဆီယံ အဖွဲ့အတွင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စွမ်းရည်ပြည့်ဝ ထက်မြက်စေရေး အတွက်အာဆီယံပဋိဉာဉ်စာတန်းကြီးကိုပြန် လည် သုံးသပ်ဘို့ လို/မလိုကို အာဆီယံ ခေါင်းဆောင်များ မကြာမီ ဆုံးဖြတ်ကြလိမ့်မည် ဖြစ်သည်။ အဆိုပါ ပဋိဉာဉ်စာတန်းကြီးအသက် ဝင်လာပြီး နောက် အဖွဲ့ဝင်နိုင်ငံများသည် နောက်ဆက်တွဲ စာချုပ်များကို ချုပ်ဆို ထားခဲ့ကြရာ ယင်းတို့မှာ ယခုအချိန်အထိ လုပ်ဆောင် နေဆဲဖြစ်သည်။ ဤကိစ္စများအတွက် ဆွေးနွေးညှိနှိုင်းမှုများ မပြီးပြတ်သေးသမျှ အာဆီယံ အဖွဲ့ကြီး၏ အဆင့်ဆင့် အသီးသီးအကြား လုပ်ငန်းဆောင်ရွက်လုပ် ကိုင်ပုံစနစ်များမှာချောမွေ့လိမ့်ဦးမည် မဟုတ်ပေ။ အာဆီယံ အဖွဲ့ကြီး၏ အာဏာပိုင် အဖွဲ့ခွဲအသီးသီးအကြား ဆက်သွယ်မှုနှင့် အခန်း ကဏ္ဍများ ရှင်းလင်းမှု မရှိခြင်းကြောင့် နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာတွင် စိုးရိမ်ဖွယ် အဆောက်အ အုံဆိုင်ရာပြဿနာများပေါ်ပေါက လာခဲ့သည်။
အောက်ပါ မေးခွန်းများမှာ အာဆီယံ ခေါင်းဆောင်များ မုချဖြေရှင်းရမည့် ပြဿနာအချို့ ဖြစ်သည်။ အာဆီယံ အတွင်းရေးမှူးချုပ်သည် ဝန်ကြီး အဆင့်ရှိ တဦးတည်းသော အာဆီယံ ကိုယ်စားလှယ်လော။ ဂျီ ၂ဝ အဖွဲ့ကြီး အပါအဝင် အခြား ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲများ၊ ထိပ်သီးဆွေး နွေးပွဲများနှင့် ဝန်ကြီးအဆင့် အစည်းအဝေးများသို့ အာဆီယံ အတွင်းရေးမှူးချုပ် တက်ရောက်ခွင့် ရခြင်းကြောင့် သူသည် အခြားအာ ဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သို့မဟုတ် အခြား ဝန်ကြီးများနှင့် ကွာခြားချက် ရှိပါသလား။ အကယ်၍ ထိုသို့ ဖြစ်ခဲ့သည်ဆို လျှင် အတွင်းရေးမှူးချုပ် ပြောဆိုသည့် အာဆီယံ သဘောထားကို အာဆီယံ အဖွဲ့ဝင် နိုင်ငံ အစိုးရများက မည်သို့ သဘောထားကြမည်လဲ။
ဤအရေးပါသော ပြဿနာကြီးများကို ဖြေရှင်းနိုင်ရန်အလို့ငှါ လွန်ခဲ့သောနှစ်နှစ်လုံးလုံးဒေါက်တာ ဆူရင်ကြိုးပမ်းခဲ့သည်ဆိုသည်မှာ အားလုံး သိသည့် လျှို့ဝှက်ချက် ဖြစ်ပါသည်။ အနာဂါတ်တွင် ပိုမိုစွမ်းဆောင်ရည် ပြည့်ဝသည့် အတွင်း ရေးမှူး အဖွဲ့ကြီး ပေါ်ပေါက်ရေးအတွက် သူက လမ်းခင်း ဆောင်ရွက်ပေးခဲ့သည်။ သူ၏ ကြိုးပမ်းဆောင်ရွက်မှု များကို အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က ထောက်ခံခဲ့ကြသည်။ သို့သော် ထိုသို့ မရှင်းမလင်း ဖြစ်နေမှုကိုပင် ရှေးရိုးစွဲ အဖွဲ့ဝင် အများအပြားက ပိုမို လိုလားနေကြ သည်မှာ နက်နက်ရှိုင်းရှိုင်း ရှိနေသည်။ သို့မှသာ အငြင်းပွါး စရာ ပေါ်တိုင်း အာဆီယံ ခေါင်းဆောင်များနှင့် ဝန်ကြီးများက နောက်ဆုံး အ ဆုံးအဖြတ် ပေးခွင့်အာဏာ ရှိနေမှာ ဖြစ်သည်။ အာဆီယံ အဖွဲ့ကြီးကိုယ်တိုင် ယခင်ထက် ပိုမို စုစည်းမိလာသော်လည်း အာဆီယံ အကြီး အကဲတဦးကို မိမိတို့ကိုယ်စား ပြောဆိုခွင့်ပေးရန် သူတို့တွင် အစီအ စဉ် မရှိသေးပါ။ ထို့ကြောင့် အာဆီယံ ဆုံးဖြတ်ချက်များကို တရားဝင် မှတ်တမ်းများတွင် ထည့်သွင်း ဖော်ပြမထားနိုင်လျှင် ဖနွမ်းပင်မှာ ဖြစ်ခဲ့သ လိုပင် ဆောင်ရွက်ဆဲနှင့် အသစ်ဖြစ်သော လုပ်ငန်းများ အစီအ စဉ်များအားလုံး ရပ်တန့်သွားပါလိမ့်မည်။
စည်းမျဉ်း အခြေခံ ဖွဲ့စည်းထားသော အဖွဲ့အစည်းတရပ်အနေဖြင့် အာဆီယံသည် ပဋိဉာဉ် စာတမ်းကိုပြန်လည်သုံးသပ်ရန်လိုပြီးပြုပြင် ပြောင်း လဲရေး ကြိုးပန်းမှုများကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ နောက်နှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ဘ ရူနိုင်း နိုင်ငံအနေဖြင့် ဤကြံဆမှုကို ယခုပင် အရအမိ ဆုပ်ကိုင် လုပ်ဆောင်ရန် လိုပါသည်။ လွန်ခဲ့သော ငါးနှစ်တာ အတွင်း အဖွဲ့ကြီး၏ စွမ်း ဆောင်ရည်နှင့် အန္တရာယ်များကို ကိုယ်တိုင် ကိုယ်ကျ သိရှိနားလည်ခဲ့သူ ဖြစ်ခြင်းကြောင့် ဒေါက်တာဆူရင်၏ ထောက်ခံတင်ပြချက်များကို အ ပြည့် အဝ ထောက်ခံမှုပေးသင့်ပါသည်။
ဤသို့ ပြုပြင်ပြောင်းလဲမှုများသာ မလုပ်ပါက အာဆီယံအဖွဲ့ကြီးသည် ဘုံအကျိုးစီးပွါးနှင့် တနိုင်ငံချင်း၏ အမျိုးသား အကျိုးစီးပွါးတို့အကြား ပဋိ ပက္ခများ ပိုမိုကြီးထွားလာပြီး အာဆီယံ အဖွဲ့ကြီးတခုလုံးကို ချည့်နဲ့သွားစေပါလိမ့်မည်။ ။
ကာဗီချုံကစ်တာဗွန် ( Kavi Chongkittavorn) ၏ At 45, Asean must reform or become irrelevant ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ ကာဗီချုံကစ်တာဗွန် သည် အာဆီယံနှင့်အရှေ့တောင်အာရှအရေး ကျွမ်းကျင်သူ တဦး ဖြစ်သည်။
No comments:
Post a Comment