Tuesday, November 27, 2012

ပျူစာတမ်းဖတ်ပွဲ ပိတ်ပေးရန် သူရဦးရွှေမန်း ကတိပြု

ကွန်းချမ်း

တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပျက်ပြားစေရန်အတွက် ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ သုတေ သန စာတမ်းဖတ်ပွဲကို ရပ်တန့်ပေးမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က တနင်္ဂနွေနေ့တွင် မွန်ပြည်နယ်သို့ ရောက် ရှိစဉ် ပြောကြားလိုက်သည်။

ဒေသခံ တိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ မွန်ပြည်နယ် အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသတွင်းရှိနိုင်ငံရေး ပါတီ အသီးသီး မှ ပါတီဝင်များ စုစုပေါင်း တထောင်ခန့်နှင့် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ကြောင်း လွှတ်တော်အမတ် တဦး က မဇ္ဈိမကို ပြောသည်။

“သူ့မြို့နယ်နဲ့သူ လိုအပ်ချက်တွေကို တင်ပြကြတယ်။ လူမျိုးရေး ပဋိပက္ခ ဖြစ်စေတဲ့ ပျူစာတမ်း ဖတ်ပွဲကို ကျနော်က တင်ပြတယ်။ ပိတ်ပေး မယ်လို့ သူရဦးရွှေမန်း က ပြောလိုက်တာနဲ့ လက်ခုပ်သံတွေ ခန်းမတခုလုံး လျှံထွက်သွားတာပဲ။ အ ရင်က မွန်ပြည်နယ်သားတွေ ဒီအ ကြောင်း စိတ်မဝင်စားဘူးလို့ ကျနော်ထင်မိတာ။ လက်ခုပ်သံ ကြားရတာ ကျနော် လည်း အရမ်းကို ဝမ်းမြောက်သွားတယ်” ဟု မွန်ပြည်နယ်အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ မှ ဒေါက်တာ ဗညားအောင်မိုး က ပြော သည်။

ထွန်း ဖောင်ဒေးရှင်းဘဏ်၏ ကူညီပံ့ပိုးမှုဖြင့် ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ သုတေသန စာတမ်း ဖတ်ပွဲကို နိုဝင်ဘာလ ၃ဝ ရက်၊ ဒီဇင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ရန်ကင်းမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံဘဏ်များ အသင်း တိုက် အဆောက်အအုံ၌ ကျင်းပရန် ဖြစ်ပြီး မွန်ပညာရှင် တို့၏ ကန့်ကွက်မှုများနှင့် ကြုံနေရဆဲ ဖြစ်သည်။

စာတမ်းဖတ်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချစ်စံဝင်း ရေးသားသည့် ‘မြန်မာ့ဘူမိ ဖြစ်စဉ်နှင့် ပျူတို့၏ရှေးဦးမြို့ပြနိုင်ငံ အခင်း အ ကျဉ်း’ စာအုပ်တွင် မွန်ပြည်နယ်အတွင်းရှိ သုဝဏ္ဏဘူမိ (သထုံ) ကို သထုံပျူမြို့၊ ဝင်းကပျူမြို့ဟု ဆိုပြီး တကောင်း၊ ဟန်လင်း၊ ဗိဿ နိုး၊ သ ရေ ခေတ္တရာ၊ ဓညဝတီ အစရှိသည်တို့သည်လည်း ပျူမြို့ပြနိုင်ငံကြီးများ ဖြစ်သည်ဟု ဆိုထားသည်။

ထိုစာတမ်း ဖတ်ပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ပညာရှင် ၆ဝ ကျော် တက်ရောက်ကာ စာတမ်းပေါင်း ၄ဝ ကျော် ဖတ်ကြား မည့်အပြင် စာတမ်း ဖတ် ပွဲ နောက်ဆုံးနေ့တွင် သက်ဆိုင်ရာ ပညာရှင်များ၏ သဘောတူညီချက်ကို ကြေညာချက်အဖြစ် ထုတ်ပြန်သွားမည်ဟု ကော်မတီက ကြေညာ ထားသည်။

ပျူစာတမ်း ဖတ်ပွဲကို ရည်ရွယ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ဒေါက်တာ ဗညားအောင်မိုး က “သ မိုင်းသုတေသန မှန်ကန်လုံလောက်စွာ မပြုလုပ်ရသေးဘဲ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြို ကွဲရေး ဟူသော ဒို့တာဝန် အ ရေးသုံးပါးကို ထိပါးနိုင်သည့် လုပ်ဆောင်ချက်များကို တားဆီး သင့်/မသင့်”မေးခွန်းကို မေးမြန်း ခဲ့သည်။

ယင်းမေးခွန်းကို ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးသန်းဆွေက အဆိုပါ ပျုစာတမ်း ဖတ်ပွဲသည် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် မည်သို့မျှ သက် ဆိုင် ခြင်း မရှိဘဲ နိုင်ငံတော်အဆင့် စာတမ်းဖတ်ပွဲလည်း မမည်ပါကြောင်း၊ ယင်း စာတမ်းဖတ်ပွဲမှကြေညာချက်သည် စာတမ်းဖတ်ပွဲကို ဦး စီးကျင်း ပသော အဖွဲ့အစည်း၏ သဘောထား ယူဆချက်သာ ဖြစ်ပါကြောင်း စသည်တို့ကို ပြန်လည်ဖြေကြားခဲ့သည်။

သုဝဏ္ဏဘူမိသည် မွန်ပြည်နယ် သထုံခရိုင်အတွင်း၌ ရှိသည့် မွန်မြို့ပြနိုင်ငံ ဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် မော် လ မြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည့် မော်လမြိုင် တက္ကသိုလ် သုတေသနဌာန၏ ‘ရွှေအဆင်း ဝင်းသော သုဝဏ္ဏဘူမိ’ စာတမ်းဖတ် ပွဲတွင် သုတေသီများက သမိုင်း၊ သုတေသန၊ ဘာသာဗေဒ၊ ဥပဒေ ရှုထောင့်များမှ အသီးသီး တင်ပြခဲ့ကြသည်။

၎င်းပြင် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ‘ဓညဝတီ (တွံတေး)၊ သုဝဏ္ဏဘူမိ (သထုံ) သည် ပျူမြို့ပြနိုင်ငံ ဖြစ်ကြောင်းကို ကန့်ကွက်ခြင်း’ ခေါင်း စဉ်ဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ဒေါက်တာ ချစ်စံဝင်း ထံသို့ အသီးသီး လိပ်မူပြီး မွန်သမိုင်းသု တေသနအဖွဲ့မှ ကန့်ကွက်စာ ပေးပို့ခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပျူစာတမ်း ဖတ်ပွဲကို ကန့်ကွက် ဆန္ဒပြရန်အတွက် နိုဝင်ဘာလ ၂၂ ရက်နေ့တွင်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူးသို့ လည်းကောင်း၊ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးသို့လည်းကောင်း အသီးသီး တင်ပြလျှောက်ထားပြီး ဖြစ်သည်။

၎င်းပြင် သံဃာတော်များ၊ မွန်ပြည်သစ်ပါတီနှင့် မွန်နိုင်ငံရေးပါတီများ၊ မွန်အမျိုးသမီး အဖွဲ့နှင့် မွန်စာပေယဉ်ကျေးမှု အဖွဲ့များ စသည်တို့ ပါ ဝင် သည့် မွန်သမိုင်း သုတေသနအဖွဲ့ ကလည်း ဆန္ဒပြပွဲကို ကွပ်ကဲနိုင်ရန်အတွက် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဆန္ဒပြ ကော်မ တီတရပ်ကို ဖွဲ့စည်းထားသည်။

“စာတမ်းဖတ်ပွဲကို ဖျက်သိမ်းပေးရင် ကျနော်တို့ ဆန္ဒပြပွဲကိုလည်း ဖျက်သိမ်းပေးမယ်။ တကယ်လို့ စာ တမ်းဖတ်ပွဲ မဖျက်သိမ်းဘူးဆိုရင် ခွင့် ပြုချက် ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ကျနော်တို့ ဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်” ဟု ဆန္ဒပြ ကော်မတီတွင် ပါဝင်သူတဦးက ပြောဆို သည်။

No comments: