Wednesday, November 28, 2012

ဆန္ဒပြ ရွှေလုပ်သားများ အကြမ်းဖက် ဖမ်းဆီးမှု ပဋိပက္ခ ကြီးထွားလာနိုင်

စနေလင်း

မိုးထိမိုးမိ ရွှေလုပ်သားများအား အကြမ်းဖက် ဖမ်းဆီးခြင်းများ ဆက်လက်ပြုလုပ်နေမည် ဆိုလျှင် ပဋိပက္ခ ကြီးထွားလာနိုင်သည့်အပြင် အစိုးရနှင့် ပြည်သူလူထုအကြား နိုင်ငံရေးအရ သံသယစိတ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောကြား လိုက်သည်။

ထိုသံသယစိတ်ကြောင့် တည်ဆောက်ဆဲ အစိုးရနှင့်ပြည်သူများအကြား နိုင်ငံရေးအရ စိတ်ချယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး နောက်ပိုင်း တွင် ပြဿနာဖြစ်လာနိုင်ကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုဂျင်မီက ယမန်နေ့က ပြော သည်။

“အခုလို အကြမ်းဖက်တာမျိုးကြောင့် နောက်ပိုင်း ပဋိပက္ခဘယ်လောက်ပဲကြီးကြီး၊ တကယ်တော့ အင်အားကြီးတာက အစိုးရပဲ။ ဒါပေမယ့် ကြီးထွားလာမှာက သံသယပဲ။ အခုကာလက နိုင်ငံရေးအရ စိတ်ချယုံကြည်မှုရှိအောင် ၀ိုင်းကြိုးစားနေတဲ့ကာလ။ အဲဒီထဲမှာ ကျနော်တို့လည်း ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါတယ်။ အကုန်လုံးဝိုင်းကြိုးစားနေတဲ့ ကာလ။ ပြည်သူလူထုရဲ့ အစိုးရ လို ရပ်တည်လာ ပြီ ဆိုရင် အစိုးရက ပိုပြီးတော့အရေးစိုက်ရမယ်။ အဲဒီကြီးလာမယ့် သံသယကိုသာ ဖြေဖျောက်ဖို့ ကြိုးစားပါ”ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်က ပဲခူးတိုင်း မြို့လှမြို့အထွက် ရေနီစက္ကူစက်ရှေ့တွင် ဆန္ဒပြ ရွှေလုပ်သားများကို အကြမ်းဖက် ရိုက် နှက် ဖမ်းဆီးခဲ့ပြီး ရွှေလုပ်ငန်း သမား ၄ ဦးကို ဖမ်းဆီး ရာတွင် အာဏာပိုင်များအနေဖြင့် ဖမ်းဆီးမည့်သူကို ဓာတ်ပုံ အထောက် အထား များနှင့် ကြိုတင်ပြင်ဆင်ပြီးမှ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ စတင်ဖမ်းဆီးစဉ်က လူ ၆ ဦး ဖြစ်ပြီး ၂ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အဖမ်းခံထား ရာမှ ပြန်လည်လွတ်မြောက် လာသည့် ကိုရဲဝင်း ဆိုသူက ပြောသည်။

ယခုအချိန်အထိ မိုးထိမိုးမိရွှေလုပ်သား၅ ဦး အဖမ်းခံထားရကြောင်း၊ ကိုနေအောင်ထက်၊ ကိုစောနောင်၊ ကိုရဲရင့်ထွန်းနှင့် ကိုနိုင်ဝင်း တို့ ဖြစ်ပြီး ယမန်နေ့က မြို့လှမြို ဈေးတွင် ကိုဖိုးဇော်လည်း အဖမ်းခံထားရကြောင်း သိရသည်။

“သူတို့အင်အားက ၅၀၀ ကျော်လောက်လာတယ်။ ရုတ်တရက်ရောက်လာပြီး ကျနော်တို့ကို ရိုက်နှက်၊ လက်ထိပ်ခတ်၊ ဒရွတ်တိုက် ဆွဲပြီး ကားပေါ်ကို ဆွဲတင်တယ်။ ကားပေါ်ရောက်မှ နာမည် မေးတယ်။ နောက်မှ သူတို့ဖမ်းချင်တဲ့သူ မဟုတ်ဘူး ဆိုပြီး ကျနော်တို့ ၂ ဦး ကို ပြန် လွှတ်လိုက်တယ်။ သူတို့ဖမ်းချင်တဲ့သူ ၄ ဦးကိုတော့ မြို့လှမြို့ထဲခေါ်သွားတယ်။ သူတို့ ဘယ်သူ့ကို ဖမ်းရမယ်ဆိုတာ ဓာတ်ပုံနဲ့ တကွ ပါ တယ်”ဟု ကိုရဲဝင်းက ဆက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မိုးထိမိုးမိရွှေလုပ်သားများအရေးကို အဓိက ဆောင်ရွက် နေသည့် ကိုအောင်သူကလည်း မိုးထိ မိုးမိ ရွှေလုပ်သားများ ဆန္ဒပြမှုသည် အစောပိုင်းတွင် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ဖြစ်ပွားနေခြင်းဖြစ်သော် လည်း နောက်ပိုင်း တွင် ပြည်ထောင်စုအစိုးရဘက်မှ တာဝန်ယူဖြေရှင်းရန် နှောင့်နှေးကြန့်ကြာ နေခြင်းကြောင့် အစိုးရနှင့် ထိပ် တိုက်ရင်ဆိုင် ရသောပုံစံ ဖြစ် လာကြောင်း ပြောဆိုသည်။

“ပထမ အစတုန်းက သူတို့အခွင့်အရေးအတွက် ကုမ္ပဏီကို တောင်းဆိုတာ။ ဒါကို အစောတလျှင် ဖြေရှင်း မပေးတဲ့အတွက် လုပ် ငန်း ရှင်ငယ်လေးတွေနဲ့ အစိုးရ ထိပ်တိုက်အနေအထား ဖြစ်လာတယ်။ သူတို့က သတ္တုတွင်းဝန်ကြီးဌာနကို ဖြေရှင်းပေးဖို့ ကမ်းလှမ်း ထား တယ်။ နောက် မြို့နယ် အုပ်ချုပ်ရေးမှူးကို ကမ်းလှမ်းထားတယ်။ ဒါပေမယ့် ဘယ်သူကမှ အရေးတယူ ဆောင်ရွက် ပေးတာမျိုး မရှိဘူး” ဟုလည်း ၎င်းက ပြောသည်။

ယခုအခါ ရေနီမြို့နယ်တွင် ပိတ်မိနေသော ဆန္ဒပြ မိုးထိမိုးမိ ရွှေလုပ်သားများကို ဘုန်းတော်ကြီးကျောင်းမှ ၎င်းတို့ နေရပ်သို့ လုံခြုံရေး အစောင့်အရှောက်ဖြင့် ပြန်ပို့ပေးနေပြီဖြစ်ကြောင်း၊ သို့ရာတွင် ရွှေလုပ်သားများ၏ လုပ်ကွက်အတွင်းရှိ နေအိမ်တဲများကို မီးရှို့ဖျက် ဆီး ခြင်း ခံထားရကြောင်း၊ ၎င်းတို့အနေဖြင့် ပိုင်ဆိုင်သော အိုးအိမ်ပစ္စည်းများကို ရောင်းချကာ ရွှေလုပ်ကွက်တွင် ရင်းနှီးမြုပ်နှံ ထားသော ကြောင့် ယခုအရေးသည် ၎င်းတို့၏မိသားစုဘ၀၊ ၎င်းတို့ကို မှီခိုနေသောလုပ်သားများ၏ မိသားစုဘ၀များနှင့် များစွာ ဆက်စပ်နေကြောင်း ကိုအောင်သူက ဆက်ပြောသည်။

လာမည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် ရမည်းသင်းမြို့၌ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရွှေလုပ်သားများ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အဖမ်းခံထားရသည့် ရွှေလုပ်သားခေါင်းဆောင်များဖြစ်သော ကိုနေအောင်ထက်၊ ကိုစောနောင်၊ ကိုရဲရင့်ထွန်းနှင့် ကိုနိုင် ၀င်းတို့ကို နိုင် ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး က တရား လို ပြုလုပ်ပြီး စွဲချက်တင်ထားကြောင်း၊ ထို့အပြင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် မြို့လှမြို့နယ် ရဲစခန်းမှူး က တရား လိုပြုလုပ်ကာ အမှုဖွင့် စွဲချက်တင်ထားကြောင်း တောင်ငူခရိုင် ရဲမှူးကြီးက ပြောသည်။

“နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဖမ်းဆီးထားတဲ့ သူတွေကို ရေတာရှည်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါ့မယ်။ သူတို့ကို တပေါင်းတည်းနဲ့ တစ်ရုံး တည်းမှာ စွဲချက်တင်မှာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။

No comments: