Wednesday, November 28, 2012

လက်ပံတောင်းအရေး ထိပ်တိုက်တွေ့မှာ စိုးရိမ်နေ

ဧရာဝတီ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး အထွေထွေ သပိတ်ကော်မတီက ပြည်ထဲရေး ၀န်ကြီးဌာန၏ ယမန်နေ့ညက သတိပေးကြေညာချက်ကို လက်မခံပယ်ချလိုက်သည့်အတွက် ထိပ်တိုက်ရင်ဆိုင်တွေ့လာနိုင်မည့် အခြေအနေကို စိုးရိမ်နေရပြီဖြစ်သည်။

ပြည်ထဲရေး ၀န်ကြီးဌာနက ယမန်နေ့ည ၈ နာရီက သပိတ်စခန်းများဖွင့်ကာ ဆန္ဒပြနေသူများ အားလုံး ယနေ့ နိုဝင်ဘာလ ၂ရ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှား ရှင်းလင်းပေးရန် သတိပေးကြေညာခဲ့သည်။

“မနေ့ည က ၁၂ နာရီမှာ သပိတ်စခန်းကလူစု မခွဲပေးရင် တည်ဆဲဥပဒေနဲ့အရေးယူမယ်လို့ သူတို့က ကြေညာတယ်။ ကျနော်တို့ကလည်း ဒါကို လက်မခံနိုင်ဘူး။ ကျနော်တို့ တောင်းဆိုထားတဲ့အတိုင်း ဆက်လုပ်မယ်” ဟု သပိတ်ကော်မတီမှ ဦးဝင်းကျော့မှူးက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ည ၁၂ နာရီက လုံခြုံရေး ရဲတပ်သားများက လက်နက်အပြည့်အစုံနှင့် သပိတ်စခန်းများသို့ ရောက်ရှိလာခဲ့ပြီး ဖယ်ရှားခိုင်းခဲ့ကြောင်း၊ သို့သော် သံဃာ ၃၀၀ ကျော်နှင့် ဆန္ဒပြသူများက မဖယ်ရှားနိုင်ကြောင်း၊ အကယ်၍ အကြမ်းဖက်လာလျှင်လည်း မေတ္တာဖြင့် သပိတ်ကို မလှန်ဘဲ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပြဿနာ ပြေလည်သည်ထိ အစိုးရ၏ စုံစမ်းရေး ကော်မရှင်အနေဖြင့် စုံစမ်းဖြေရှင်းမှုကို လိုလားကြောင်း၊ ဆန္ဒပြသူများကလည်း ယခုထိ ငြိမ်းချမ်းစွာဖြင့် သပိတ်စခန်းများတွင် ယခုထိ နေထိုင်နေကြောင်း ဆက်ပြောသည်။

စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု သုံးသပ်ချက် (EIA)၊ လူမှု ၀န်းကျင် အ ပေါ် အကျိုးသက်ရောက်မှု သုံးသပ်ချက် (SIA) တို့ကို ၂၀၁၃ ခုနှစ်မတ်လတွင် ထုတ်ပြန်နိုင်မည်ဟု ကြေညာထားသည့်အတွက် အဆိုပါ သုံးသပ်ချက်များ ထွက်ပေါ်လာသည်ထိ စီမံကိန်းကို ယာယီ လုံးဝ ရပ်ဆိုင်းထားရန် သပိတ်ကော်မတီက တောင်းဆိုထားသည်။

သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် လက်ခံပါက သပိတ်မှောက်သူများကလည်း ၂၀၁၃ ခုနှစ် မတ်လ အထိ သပိတ်မှောက်ခြင်း၊ စီမံကိန်းအား ဟန့်တားခြင်းများကို ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အဆိုပါ သပိတ်ကော်မတီက ဆိုသည်။

ဧရာဝတီက ၀မ်ပေါင် ကုမ္ပဏီနှင့် ဦးပိုင်တာဝန်ရှိသူများကို အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်သို့ သဘောထား ရှိသည်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ထိုကဲ့သို့ တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် မုံရွာမြို့သို့ ရောက်ရှိနေသည့် လက်ပံတောင်း ကြေးနီစီမံကိန်းအရေး ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပုလဲမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြဿနာကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာနိုင်ရေး မျှော်လင့်ထားကြောင်း ဧရာဝတီကို ပြောသည်။

“အခုချိန်ထိ သပိတ်စခန်းက လူတွေလည်း စခန်းတွေထဲမှာ အေးအေးဆေးဆေး ရှိနေတယ်။ နောက်ပြီးတော့ တရုတ် ကုမ္ပဏီဘက်က လူတွေလည်း ကုမ္ပဏီထဲမှာ အေးအေးဆေးဆေး ရှိနေတယ်။ အခုအချိန်ထိ အကြမ်းဖက်တာ ကျမ တို့ မကြားရပါဘူး၊ ကျမတို့ တောင်းဆိုထားတဲ့အတိုင်း လွှတ်တော်ထဲမှာလည်း တညီတညွတ်တည်း ဆုံးဖြတ်ထားပြီး သားဖြစ်လို့ အဲဒီအတိုင်း လုပ်ဆောင်ပေးရင်တော့ အကောင်းဆုံး နည်းလမ်းပဲဖြစ်တယ်” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း မနက်ဖြန် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လေကြောင်းခရီးဖြင့် တံတားဦးလေဆိပ်သို့ ရောက်ရှိလာမည်ဖြစ်ပြီး ထိုမှတဆင့် မုံရွာခရိုင်သို့ ဆက်လက် ထွက်ခွာလာမည်ဖြစ်ကြောင်း၊ မုံရွာ ဒေသခံများလည်း ကြိုဆိုရေးအတွက် ၀မ်းသာစွာဖြင့် စောင့်ဆိုင်းနေကြကြောင်း ဒေါ်ခင်စန်းလှိုင်က ဆက်ပြော သည်။

စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် အတည်ပြုပြီး ဖြစ်သောကြောင့် အမြန် ဖွဲ့စည်းရန်နှင့် အဆိုပါ ကော်မရှင်တွင် သဘာ ၀ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ ဥပဒေပညာရှင်၊ လူ့အခွင့်အရေး ကျွမ်းကျင်သူ၊ အစိုးရ တာဝန်ရှိသူများနှင့်တကွ ပြည်သူလူထု၊ ဒေသခံ ရွာသူရွာသားများ ယုံကြည်ကိုးစားသူ အားလုံးပါဝင်သော စုံစမ်းရေးအဖွဲ့ဖြစ်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ကော်မရှင်သည် လွတ်လပ်သော၊ တရားမျှတသော၊ သမာသမတ်ကျသော စုံစမ်းရေး ကော်မရှင်ဖြစ်ရန် လိုအပ် ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်ကလည်း ဧရာဝတီကို ပြောသည်။

“တိုင်းသူပြည်သားတွေရဲ့မျက်နှာကပိုပြီးတော့ အရေးကြီးပါတယ်။ တိုင်းသူပြည်သားတွေရဲ့ မျက်နှာကို ကျော်လွန်ပြီးတော့ ကုမ္ပဏီတခုရဲ့မျက်နှာ ဒါမှမဟုတ် အခြား နိုင်ငံခြား ကုမ္ပဏီတစ်ခုရဲ့ မျက်နှာ ဒီလူတွေနဲ့မျက်နှာပျက်မှာစိုးလို့ဆိုပြီးတော့ ဒီစီမံကိန်းကို မျက်စိမှိတ်ပြီး သွားနေမယ်ဆိုရင် ကျနော်တို့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးမှာ အများကြီး အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

“အခုချိန်မှာ လုံခြုံရေးတွေက တအား ယူလာတာကို နောက်ဆုံးသတင်းတွေအရ သိရတယ်။ အဲဒီတော့ ဖမ်းဆီးတာတွေ၊ အကြမ်းဖက်ဖြိုခွဲတာတွေ လုံးဝ မလုပ်စေချင်ပါ ဘူး။ ဒီနေရာမှာ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် ဖြစ်တယ်၊ ဒီမိုကရေစီ ကိုအမှန်တကယ် ကြိုးစား တည်ဆောက်နေတဲ့ အစိုးရတစ်ရပ် ဖြစ်တယ်၊ တနည်းအားဖြင့် ကောင်းမွန်တဲ့အုပ်ချုပ်မှုကို သွားနေတယ်ဆိုလို့ရှိရင် ဒီနေရာမှာ ညင်ညင်သာသာနဲ့ ကိုင်တွယ်ဖို့ လိုပါလိမ့်မယ်။ အကြမ်းဖက်ရုံလောက်နဲ့၊ ဖမ်းဆီးရုံလောက်နဲ့၊ ဖြိုခွင်းလိုက်တာနဲ့ ဒီပြဿနာက မပြီးသွားပါဘူး” ဟုလည်း ပြောသည်။

ယခု သတင်းရေးသားချိန်အထိ ရရှိသော သတင်းများအရ မုံရွာနှင့် အနီးဝန်းကျင်မှ သံဃာတော်များနှင့် ဒေသခံများ မုံရွာမြို့ သပိတ်စ ခန်းတည်ရှိရာသို့ လာရောက် ပူးပေါင်းနေကြကြောင်း သိရသည်။

No comments: