Tuesday, November 27, 2012

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မှောင်ခိုစက်သုံးဆီ တင်သွင်းမှု အရှုပ်တော်ပုံ

သာလွန်ဇောင်းထက်

ပုံမှန်အားဖြင့် အဆိုတွေ၊ မေးခွန်းတွေ မြောက်မြားစွာကို မေးကြ၊ ဖြေကြနဲ့ နေ့စဉ် အလုပ် များနေတဲ့ ပြည် သူ့လွှတ်တော် အစည်းအဝေး ခန်းမဆောင်ကြီးမှာ နိုဝင်ဘာလ ၂၁ ရက် နေ့ကတော့ အဆိုတခုတည်းနဲ့တင် လွှတ်တော်တခုလုံး အလုပ်ရှုပ် ဗြောင်းဆန်သွားခဲ့ပါ တယ်။

အကြောင်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လှိုင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ရဲ့ “တရားမ၀င် ကုန်စည်များ ၀င် ရောက်နေမှုနှင့် တရားမ၀င် ခိုးထုတ်နေမှု များအား ပြည်ထောင်စု အဆင့် ကော်မတီတရပ် ဖွဲ့စည်း၍ ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန်” ဆိုတဲ့ အဆိုကို တင်သွင်းလိုက်လို့ ပါပဲ။

ဒီအဆိုကို တင်သွင်းတဲ့ နေရာမှာ ဒေါက်တာ ၀င်းမြင့်က သာမန် အဆိုတင်သွင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ မှောင်ခို စက်သုံးဆီတွေ တရားမ၀င် တင်သွင်းနေတာကို ကိန်းဂဏန်းတွေ၊ အထောက် အထား ဓာတ်ပုံတွေနဲ့တကွ အတိအကျ ထောက်ပြ လိုက်တာဖြစ်လို့ အဆိုကို တာဝန်ယူ ရှင်းလင်းပေးရမယ့် အစိုးရ ၀န်ကြီးတွေ တော်တော် များများ အလုပ် ရှုပ်ကုန် ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ပြည်တွင်း ထိပ်တန်းစီးပွားရေး ကုမ္ပဏီတွေ ဖြစ်တဲ့ ရွှေသံလွင်၊ ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ် ကုမ္ပဏီကြီးတွေကတန် ချိန်ထောင်ချီဆံ့တဲ့ ဆီတင်သင်္ဘောကြီးတွေနဲ့တရားမ၀င်မှောင်ခိုစက်သုံးဆီတွေပြည်တွင်းကို ခိုး သွင်းနေတာကိုအထောက်အထားတွေနဲ့ဒေါက် တာဝင်းမြင့်က လွှတ်တော်ကို တင်ပြလိုက်တာပါ။

လိုင်စင်အရ စက်သုံးဆီ တန် ၅၀၊ ၁၀၀ လောက်သာ တင်သွင်းခွင့်ပြုထားတာကို တန်ချိန်ထောင်နဲ့ချီပြီး အခေါက်ခေါက်အခါခါ မှောင်ခို တင် သွင်းခဲ့ကြတာကို သက်ဆိုင်ရာက အရေးယူမှု မရှိဘူးလို့ ဆိုပါတယ်။

အချက်အလက် အခိုင်အမာ၊ သက်သေ အထောက်အထား အစုံအလင်နဲ့ တင်ပြလေတော့ တာဝန်ရှိသူတွေကို မစစ်ဆေးကြဘူးလား၊ အ ရေး မယူကြဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဒီမေးခွန်း ထွက်လာတဲ့အချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ရဲတွေအနေနဲ့ တရားမ၀င် စက်သုံးဆီ တင် သွင်းနေတဲ့ သင်္ဘောတွေကို စစ်ဆေးလို့မရပါဘူးလို့ ပြန်ဖြေတယ်။

ဘာကြောင့်လဲ ဆိုတော့ ၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စက်သုံးဆီတင် သင်္ဘောတွေကို ရဲတွေအနေနဲ့တား ဆီးစစ်ဆေး ပိုင်ခွင့်မရှိဘူးဆိုတဲ့ အမိန့်ကြောင့်ပါတဲ့။

၂၀၀၉ ခုနှစ်ဆိုတာက စစ်အာဏာရှင် အစိုးရ အုပ်စိုးနေချိန်ဖြစ်လို့ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်ဦး ကဒီ အမိန့်ကို ဘာကြောင့်ထုတ်တာလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အဲဒီအမိန့်က ဘာကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ် အုပ်ချုပ်နေတဲ့ ၂၀၁၂ ခုနှစ်အထိ အသက်ဝင်နေ ရပါသလဲ၊ လက်ရှိ ပြည်ထဲရေးဝန် ကြီးဌာန အနေနဲ့လည်း ဘာကြောင့် ၂၀၀၉ ခုနှစ်က အမိန့်ကို ဆက်လက်လိုက်နာ ကျင့်သုံးနေရပါသလဲ ဆိုတာတွေက လွှတ်တော် ကိုယ်စား လှယ်တွေ တော်တော်များများ သိချင်နေခဲ့ကြတဲ့ အချက်တွေ ဖြစ်ပါတယ်။

ရဲချုပ် ကျော်ကျော်ထွန်းကတော့ အရင် ပြည်ထဲရေးဝန်ကြီးဌာနက ဒီအမိန့်ကို ထုတ်ခဲ့ရတာ အကြောင်းရင်းရှိတယ် ဆိုပြီး အချက်တချို့ကို ရှင်း လင်းပါတယ်။

၂၀၀၉ ခုနှစ် ခေတ်အခြေအနေ အချိန်အခါအရ လမ်းဘေးဆီဆိုင်တွေ ပပျောက်ရေးအတွက်၊ နောက်တချက်က ကုန်စည်စီးဆင်းမှုကို အ နှောင့်အယှက် ဖြစ်မှာစိုးလို့ ဆိုတာတွေကြောင့်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီအချက် ၂ ချက်ကို လွှတ်တော်မှာ ရဲချုပ် ကျော်ကျော်ထွန်းက ရှင်းပြလိုက်ချိန်မှာ လွှတ်တော်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်လို့ သိ ရပါ တယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ ပြောသံ၊ ဆိုသံ၊ ဝေဖန်သံနဲ့ ရယ်သံတွေကြောင့် လွှတ်တော်က သက်ဝင်လှုပ်ရှားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

“ရဲချုပ် ကျော်ကျော်ထွန်း ဖြေရှင်းတဲ့အချက်က ကျိုးကြောင်းဆီလျော်မှု မရှိတော့ လွှတ်တော်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ၊ အသံ တွေ ထွက်လာတာပေါ့” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောပါတယ်။

၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးက အခုအချိန်မှာ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦးအဖြစ်နဲ့ လွှတ်တော်ထဲမှာ ရှိနေပေမယ့် မှောင်ခို တရားမ၀င် စက်သုံးဆီ အရှုပ်တော်ပုံကို တစုံတရာ ဖြေရှင်း ခြင်း မရှိပါဘူး။

ဘာကြောင့်များ ပြည်ထဲရေးဝန်ကြီးဌာနက စက်သုံးဆီသင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ထုတ်ခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို၊ ပြည် ထဲရေး ၀န်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့ ဘ၀ကောက်ကြောင်း ကလည်း စိတ်ဝင်စားစရာပဲလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆို ကြတယ်။

၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ ဖြုတ်ချခံလိုက်ရ တဲ့ အတွက် အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်လည်း ရာထူးက ဖယ်ရှားခံလိုက်ရပါတယ်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ဗိုလ်ချုပ်မောင်ဦးက စတင် တာဝန် ထမ်းဆောင်ပါတယ်။

ဗိုလ်ချုပ်မောင်ဦးက ဗိုလ်သင်တန်း အပတ်စဉ် ၁၃ ဆင်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးမဖြစ်ခင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူပါ။

စစ်တပ် အသိုင်းအ၀န်းရဲ့ အဆိုအရ သူက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ နီးစပ်သူဖြစ်ပြီး ဦးသန်းရွှေရဲ့အားကိုးရတဲ့ တပည့်တ ဦး လည်း ဖြစ်ခဲ့ဖူးတယ်လို့ သိရတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြုတ်သွားပြီးတဲ့နောက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထဲရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ် မောင်ဦးကို ယုံ ကြည် စိတ်ချစွာ ခန့်ထားခဲ့တာ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝန်းက ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပခင်မှာ ဗိုလ်ချုပ်မောင်ဦးက လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခွင့် ရရှိခဲ့ ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ကို ဖျက်သိမ်းခဲ့ပြီး ဗိုလ်ချုပ်မောင်ဦးလည်း ၀န်ကြီး တာဝန်တွေကနေ အလိုအ လျောက် အနားယူခဲ့ရပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်မှာတော့ ၀န်ကြီး ပြန်မဖြစ်တော့ဘဲ လွှတ်တော်ထဲမှာ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဦးမောင်ဦး အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

၂၀၀၉ ခုနှစ်က ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီသင်္ဘောတွေ မဖမ်းရ၊ မစစ်ဆေးရ ဆိုတဲ့ အမိန့်အတွက် တာဝန်အ ရှိဆုံးသူက အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီးလို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ဆိုပါတယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဦးမောင်ဦး အနေနဲ့ သူတာဝန်ယူချိန်က ဖြစ်ပျက်ခဲ့တာကို ရှင်းလင်းပြသသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောနေကြပါတယ်။

ရဲချုပ် ကျော်ကျော်ထွန်းက မှောင်ခိုစက်သုံးဆီ သင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တဲ့အကြောင်း ပြောတုန်းက ဦးမောင်ဦး မျက်နှာမကောင်းဘူး” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောပါတယ်။

ဦးမောင်ဦးအနေနဲ့ ကိုယ်ထုတ်ထားတဲ့အမိန့် ဘယ်လိုကြောင့် ထုတ်ခဲ့ရတယ်၊ ဘယ်သူက ထုတ်ခိုင်းတယ် ဆိုတာကို ရှင်းလင်း တင်ပြခဲ့ ရင် သူ့အတွက် အများကြီး ဂုဏ်သိက္ခာ တက်နိုင်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

တရားမ၀င် မှောင်ခိုစက်သုံး ဆီတင်သွင်းကြတဲ့ ကုမ္ပဏီကြီးတွေမှာ ရွှေသံလွင်လို ထိပ်တန်း ထိပ်ထိပ်ကြဲ ကုမ္ပဏီကြီးတွေ ပါဝင်နေတာက အားလုံးကို အံ့အားသင့် စိတ်လှုပ်ရှားစေတယ်လို့ ဆိုပါတယ်။

“ရွှေသံလွင်လို ကုမ္ပဏီကြီးတောင် ပါတယ်ဆိုတော့ အားလုံးလည်း အံ့သြမင်သက်ကုန်တယ်။ ဟိုအရင် စစ်အစိုးရ ခေတ်တုန်းက ဆိုရင် တော့ အံ့သြချင်မှ အံ့သြမယ်။ အခု အစိုးရသစ် လက်ထက် ဒီမိုကရေစီခေတ်ကို သွားနေတဲ့အချိန်မှာ ဒါမျိုးဖြစ်တာလေ” လို့ နိုင်ငံရေး အ ကဲခတ်သူတဦးက သုံးသပ်တယ်။

ဒေါက်တာဝင်းမြင့်ရဲ့ အဆိုအရ တရားမ၀င် မှောင်ခို စက်သုံးဆီသင်္ဘောတွေ မဖမ်းဆီးတဲ့အတွက်ကြောင့် တနှစ်ကို ကျပ်ငွေ ဘီလီယံ ၆၀ လောက် နစ်နာတယ်လို့ လွှတ်တော်ကို တင်ပြပါတယ်။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ အခွန်နစ်နာမှုက ဒေါက်တာ ၀င်းမြင့် တင်ပြတဲ့ ကိန်း ဂဏန်းထက် အများကြီး ပိုနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

“မသိလိုက်တဲ့ တရားမ၀င် မှောင်ခိုစက်သုံးဆီ တင်သွင်းမှုတွေ ဘယ်လောက်များ ရှိလိုက်မလဲ။ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြောင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ဘယ်လောက် မှောင်ခို စက်သုံးဆီတွေ ၀င်ခဲ့သလဲ။ အခု ဒေါက်တာဝင်းမြင့် ပြောတဲ့ တနှစ် အခွန် ဘီလီယံ ၆၀ ဆိုတာ အနည်းဆုံး ဆုံးရှုံးတဲ့ ပမာဏပဲဖြစ်မှာပါ” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုပါတယ်။

ဒေါက်တာဝင်းမြင့်ရဲ့ အဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ကိုင်တွယ်ပုံကို လွှတ်တော် ကိုယ်စားလှယ် အများ စုက သဘောကျကြတယ်လို့ သိရပါတယ်။

သူရဦးရွှေမန်းက တရားသူကြီး တယောက်လို ၀န်ကြီးတွေကို မေးခွန်းထုတ်တယ်၊ အဖြေတောင်းတယ်၊ ရှင်းခိုင်းတယ်၊ ဒါပေမယ့် ဘာ ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၉ အမိန့်ကို ထုတ်ခဲ့သလဲဆိုတဲ့ နောက်ကြောင်း ပြန်လှည့် မေးခွန်းမျိုးတော့ မမေးခဲ့ပါဘူး။

သူရဦးရွှေမန်း ကိုယ်တိုင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး ဦးဆောင် အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ စစ်အစိုးရ ခေတ်တုန်းက အမိန့်တခုမို့ ပြန်ပြီး မေးခွန်း မထုတ်ချင်တော့တာလား၊ မြားဦး ကိုယ့်ဘက်ပြန်လှည့် လာမှာစိုးလို့ စိုးရိမ်လို့လား ဆိုတာ ကွဲကွဲပြားပြား မသိနိုင် ပေမယ့် သူရဦးရွှေမန်းရဲ့ ပုံစံက တရားဥပဒေ စိုးမိုးရေးကို စိတ်ပါလက်ပါ လုပ်ချင် ကိုင်ချင်စိတ် ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ် တွေက ဆိုကြတယ်။

“သူရဦးရွှေမန်းကတော့ ဒေါက်တာဝင်းမြင့်အဆိုနဲ့ သက်သေ အချက်အလက်တွေကို ကြည့်ပြီး ၀န်ကြီးတွေ ရှင်းပါလို့ ပြတ်ပြတ်သားသား ပြောတယ်။ ၀န်ကြီးတွေ အားလုံးလည်း ငြိမ်ပြီး အမှားကို မတတ်သာတဲ့အဆုံး ၀န်ခံရသလိုမျိုး မျက်နှာငယ်တွေနဲ့။ သူရဦးရွှေမန်း ကိုင် တွယ် ပုံကိုတော့ အားလုံးက သဘောကျတယ်” လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောတယ်။

တချို့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံ တခုကို လွှတ်တော်တွင်းမှာ တင်ပြလာတာမို့ ဒါက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ပွင့်လင်း ကောင်းမွန်တဲ့ အလားအလာ တခုလို့ မြင်ကြတယ်။

ဥပဒေ ပညာရှင်တွေကတော့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံကို ဥပဒေနဲ့ အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါ တယ်။ အဓိကက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နောက်ကြောင်းပြန် တရားစွဲဆိုတာမျိုး၊ အရေးယူတာမျိုး မလုပ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက် တိတိကျကျ ပါရှိနေတာကြောင့်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၄၊ ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်၊ ပုဒ်မ ၄၄၅ မှာ အစိုးရသစ်အနေနဲ့ ယခင်အစိုးရ ထုတ်ပြန်ထားတဲ့ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်တွေ၊ ရပိုင် ခွင့်တွေကို ဆက်ခံရမယ်။ ယခင် အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်တွေအပေါ် အကြောင်းပြုပြီး တရားစွဲဆို ခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုတဲ့ အချက် ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၄၄၅ ကြောင့် တိုင်းပြည် မွဲပြာကျစေခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း မသမာမှု၊ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေကို ကျူးလွန် ကြတဲ့ အာဏာရှိ၊ အာဏာမဲ့ လူတန်းစားအားလုံး တရားရုံးမရောက်ဘဲ အေးချမ်းစွာ နေထိုင်နိုင်ကြမှာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။

ဆုံးရှုံးခဲ့ရတာတွေ ဘယ်လောက်များ ရှိလိုက်မလဲဆိုတာ စဉ်းစားစရာပဲလို့ နိုင်ငံရေး လေ့လာသူတွေက ဆိုကြတယ်။

နှစ်ပေါင်း ၂၀ အတွင်းမှာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံက ဒေါ်လာ ဘီလီယံချီအကြွေး ပေးဆပ်စရာ ရှိတဲ့အပြင် ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ နိမ့်ကျပြီး အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် တဦးကတော့ စစ်အစိုးရ လက်ထက် အတိတ်က အဖြစ်အပျက်တွေကို အရေးမယူနိုင်ရင်တောင် အနာဂတ် မျိုးဆက်သစ်တွေအတွက် လေ့လာနိုင်တဲ့ သမိုင်းတခုဖြစ်အောင် မှတ်တမ်းတင်နိုင်ဖို့ ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ်တွေ အား လုံး ကြိုးပမ်းသင့်တယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်မှသာ အာဏာရှင်စနစ်ကြောင့် ဘယ်လောက် တိုင်းပြည်အဖြစ်ဆိုး၊ အထိနာရတယ်ဆိုတဲ့ သင်ခန်းစာကို နောင်မျိုးဆက် သစ်တွေ သိရှိနားလည်နိုင်မယ်လို့ သူက ပြောပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအပေါ် မသမာမှု၊ ခြစားမှုတွေ လုပ်ခဲ့တဲ့ သူတွေအနေနဲ့လည်း ကိုယ့်အမှားကိုယ်သိပြီး ၀န်ခံမှုတွေ လုပ်ခြင်းဖြင့် ဒီမိုက ရေစီနိုင်ငံသစ် ထူထောင်ရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်သင့်တယ်လို့ သူက သုံးသပ်တယ်။

တရားမ၀င် မှောင်ခိုစက်သုံးဆီ အရှုပ်တော်ပုံလို သဘာဝဓာတ်ငွေ့နဲ့ ရေနံအရှုပ်တော်ပုံ၊ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ အရှုပ်တော် ပုံ၊ လယ်မြေယာမြေ မတရားသိမ်းမှု အရှုပ်တော်ပုံ၊ ကားပါမစ်၊ ဆီပါမစ် အရှုပ်တော်ပုံ စတဲ့ စစ်အစိုးရလက်ထက် မသမာတဲ့ အရှုပ်တော်ပုံ မြောက်မြားစွာကို ဖော်ထုတ်နိုင်ခြင်း၊ မဖော်ထုတ်နိုင်ခြင်းက ဒီမိုကရေစီခရီးလမ်း ဘယ်လောက် ပေါက်ပြီလဲ ဆိုတာကို ပြသနိုင်မယ့် သက် သေတွေဖြစ်လာမှာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

ဒေါက်တာဝင်းမြင့်ရဲ့ အဆိုကတော့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အောင်အောင်မြင်မြင် အတည်ပြုနိုင်ခဲ့ပြီး တရားမ၀င် မှောင် ခို စက်သုံးဆီတွေ ၀င်ရောက်မှုကို တားဆီးနိုင်မယ့် အရိပ်အရောင်များစွာ ဖြစ်ထွန်းစေခဲ့ပါပြီ။

No comments: