ခိုနူမ်းထုန်
ယမန်နေ့ အိန္ဒိယ စံတော်ချိန် ၉ နာရီခန့်က အိန္ဒိယ နိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် အတွင်း ဇာတိရွာ ပြန်မည့် ချင်းလူ မျိုးများ စီးသည့် ကားတစီးတိမ်းမှောက်ပြီး တလ အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံးကာ အခြား ခရီးသည် ၁၀ ဦး ဒါဏ်ရာရရှိ သွားကြသည်။
“ကားသမားနဲ့ အတူ အခြား ခရီးသည်တွေလည်း အခု ဆေးရုံမှာပါ၊ သတိရလာသူတွေ နည်းနည်းပဲရှိ သေးတယ်” ဟု သေဆုံးသူ ကလေး ငယ်၏ ဆွေမျိုး အမျိုးသမီး တ ဦးက ပြောသည်။ ယခု ခရီးသည်များ သည် ချင်းပြည်နယ်မတူပီမြို့နယ် စဘောင်းပီ၊ စဘောင်းသဲ၊ မာလာရွာ နှင့် ပလက်ဝမြို့နယ် ပိုက်တေရွာသား များဖြစ်ကြသည်ဟု ဆက်ဆိုသည်။
တလအရွယ် သမီးငယ်သည် သူ့အမေက ဆိုင်ဟားဆေးရုံတွင် ဗိုက်ခွဲမွေးပြီး ရွာသို့ အပြန်မှာ ယခုကဲ့သို့ ကားမှောက်ရာ ပါသွားခြင်း ဖြစ် သည်။
စဘောင်းပီရွာက ဦးမောင်ကျင်း နှင့် သမီး၊ စဘောင်းသဲရွာက သိက္ခာတော်ရဆရာ ဦး ဟီးကြိုင် ၏ အမျိုးသမီးနှင့် ၄င်း၏ သမီး၊ မြေးမလေး နှင့် အခြားဒေသခံ သုံးဦး၊ မာ လာရွာမှ လင်မယား နှစ်ဦး၊ နှင့် ပိုက်တေရွာမှ အမျိုးသမီး တဦးဖြစ်ကြောင်း စုစုပေါင်း အမျိုးသမီး ၅ ဦး နှင့် ယောင်္ကျား ၆ ဦး ဖြစ်ကြောင်း သိရသည်။
နံနက် ၆ နာရီကနေ ဆိုင်ဟားမြို့က နယ်စပ်ကို အပြန်ကား က ဘရိတ်ကျိုးပုံရတယ်၊ လမ်းအောက်ကို ထိုးဆင်းသွားတယ် ဟု ဒေသခံတဦးက ဆိုသည်။
အလားတူ ယနေ့ ၇ နာရီခန့်တွင် ဆိုင်ဟားမှ နယ်စပ်ဖက်သို့ ဆွဲလာသည့် ကားတစီး ထပ်မံတိမ်းမှောက်ပြီး ၈ ဦး ဒါဏ်ရာရကြောင်း သိရ သည်။ ခရီးသည်များသည် မီဇိုရမ်ဖက်က ခရီးသည်တွေဖြစ်ကြောင်း သိရ သည်။

No comments:
Post a Comment