ကြီးမြင့်နိုင် (လွိုင်ကော်)
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းဒေသ၊ ယူးကော်ခူကျေးရွာ အနီးရှိ တောင်စွယ်ပြတ်တစ်ခုမှာ ပြိုနိုင် သောအနေအထားရှိသဖြင့် လားရာတစ်လျှောက်ရှိ လုပ်ငန်းခွင်များ နှင့် လူနေ အဆောက်အဦးများအား အန္တရာယ်အခြေအနေ သတိပြုပေးမှု ပြုလုပ်ထားပြီး ကျွမ်းကျင်သော Mining Engineer များ၏အကြံဥာဏ်ကိုရယူလျက်ရှင်းလင်း ဖယ်ရှားသွားနိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါတောင်စွယ်ပြတ်မှာ အချင်း ၂၀ မီတာခန့်နှင့် အောက်ခြေ မှ အမြင့် ၆၀ မီတာခန့်ရှိပြီး တောင်စောင်းဖက်သို့ ရေပြင်ညီမှ ၆၅ ဒီဂရီခန့် တိမ်းစောင်းလျက်ရှိနေသည်။
တောင်စွယ်မှာ ကွဲကြေလွယ်သည့် ကုန်းပြင်မြင့်ထုံးကျောက် ( plateau Limes – tone) များဖြင့် ဖွဲ့စည်းထားပြီးယင်းအတွင်းဖက်နှင့်အောက် ခြေများတွင် မှိုပေါက်၊ လှိုဏ်ပေါက် များရှိနေသည်။
လွန်ခဲ့သော ၁၀ နှစ်အတွင်းက တောင်မကြီး နှင့် တစ်ဆက်တစ်စပ်တည်း ရှိခဲ့ပြီး တဖြည်းဖြည်း အက်ကြောင်း ပေါ်လာကာ အက်ကြောင်းမှာ တစ်စထက်တစ်စ ကျယ်လာလျက် အချိန်မရွေး ပြတ်ကျနိုင်သည့် အနေအထားဖြစ်ကြောင်း ဘူမိဗေဒ လေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေး ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှုး ဒေါက်တာ ဇော်လင်းအောင်၏ အစီရင်ခံစာအရ သိရသည်။
အဆိုပါတောင်စွယ်ပြတ်၏ အန္တရာယ်ရှိ အနေအထားကို တပ်မတော် နယ်လှည့်အထူးဆေးကု အဖွဲ့မှ မော်ချီး သတ္တုတွင်း ဒေသသို့ ရောက်ရှိ စဉ်တွေ့ရှိ၍ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာမှ ဖေဖေါ်ဝါရီ ၂၃ ရက် နှင့် ၂၄ ရက်များတွင် ပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးဦးရဲဝင်း၊ ဘဏ္ဍာ အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းကျော်စိုး၊ ဘူမိဗေဒ လေ့ လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေး ဦး စီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုး ဒေါက်တာ ဇော် လင်းအောင်၊ လက်ထောက် ဘူမိဗေဒအရာရှိ ဦးဝင်းသူ၊ ဘောလခဲခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးတို့ ကွင်းဆင်းလေ့လာမှု များပြုလုပ်ခဲ့ကြောင်း သစ်တောနှင့် သတ္တု ဝန်ကြီး ဦးရဲဝင်းက ပြောသည်။
ယင်းတောင်စွယ်ပြတ်၏ အောက်ဖက်လားရာ တောင်ခြေတွင် စေတီတော်တစ်ဆူ၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် သတ္တုလုပ်ကွက် များ မှ လူနေအိမ်ခြေ အဆောက်အဦးများ တည်ရှိနေကြောင်း သိရှိရသည်။

No comments:
Post a Comment