ABC
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ကနေ စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံ ကိန်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီး အစီရင်စာ ခံရဲ့ အကြံပေးချက်တွေကို ဒေသခံ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်နေ ကြပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကနေ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြန်လည်ပြင်ဆင်ပြီး မှ ကြေးနီစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း၊ သပိတ် စခန်း ဖြိုခွင်းရာမှာ မီးလောင်ဗုံးမသုံးပဲ မီးခိုးဗုံးတွေ သုံးခဲ့တဲ့အကြောင်း ပုဒ် မ ၁၄၄ လို ဥပဒေကို ဆန္ဒပြသူတွေက မလိုက်နာဘူးလို့ ဖော်ပြထားတာနဲ့ပတ်သက်ပြီး ဒေသခံပြည် သူတွေက ကန့်ကွက်တာဖြစ် တယ် လို့ လက်ပံတောင်းတောင်ဒေသက လယ်သမားတွေကို ကူညီဆောင်ရွက် ပေးနေတဲ့ ကိုသောင်းထိုက်က အခုလို ပြောပါတယ်။
“စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ထွက်ပေါ်လာတဲ့ အစီရင်ခံစာအပေါ်မှာပေါ့နော် စီမံကိန်းဆက်လုပ်သင့်ပါတယ် ဆို တဲ့အချက်တွေရယ်နောက် ပုဒ်မ၁၄၄ထုတ်ပြန်ထားတယ် ဆို တဲ့အချက်တွေရယ်၊ အဆိုးဆုံးကတော့ မီးလောင် ဗုံးမဟုတ်ဘူး မီးခိုးဗုံးပါဆိုတဲ့အချက်အလက်တွေပါဝင် လာတယ်၊ ထွက်ပေါ်လာတဲ့ အစီရင်ခံစာ ကိုတော့ ဒေသခံပြည်သူတွေက လုံးဝကန့်ကွက်ပါတယ်၊ လုံးဝလက်သင့်မခံပါဘူး။”
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်ထဲမှာ လုံခြုံရေးတပ်အနေနဲ့ ထိခိုက်မှုပြင်းထန်ပြီး မီးစုံးဓာတ် ပါတဲ့ မီးခိုးဗုံးကို အသုံးပြုတာ တွေ့ရတဲ့အကြောင်း၊ ကြေးနီစီမံကိန်း ကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရင်းနှီး မြုပ် နှံမှုဆိုင်ရာ စာချုပ်ကို ချိုးဖောက်ရာ ရောက်မယ့်အကြောင်း ဒါပေမယ့် စီမံကိန်းကို ဒီအတိုင်း ဆက်လက် အကောင်အထည်ဖော် သွား မယ် ဆိုရင် ပြည်သူတွေ ဆိုးကျိုးခံစားရမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှာ ဖြစ်တဲ့အတွက် စီမံကိန်းစာချုပ်ကို ပြန်လည်ပြင်ဆင် ပြီးမှ ဆက်လက်အကောင်အထည် ဖော်ဖို့ အကြံပြုထားပါတယ်။
ဒေသခံပြည်သူတွေကတော့ စီမံကိန်းရပ်ဆိုင်းရေးအတွက်ကို သပိတ်စခန်းတွေ ဆက်လက်ဖွင့်လှစ်ပြီး ဆန္ဒဖော် ထုတ်သွားမှာဖြစ်သလိုစုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုကန့်ကွက်ကြောင်း ဒီကနေ့မှာ ချီတက် ဆန္ဒပွဲပြုလုပ်သွားမယ်လို့ ပြောနေပါတယ်။ လက်ပန်းတောင်း တောင် ဒေသခံတွေက အစီရင်ခံစာအပေါ် ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင် ခေါင်းဆောင် ဒေါ်အာင်ဆန်း စုကြည် ဟာ ဒီကနေ့မှာ လက်ပံတောင်းတောင် ဒေသကို သွားရောက်ပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်း ကြိုင် က အခုလို ပြောပါတယ်။
“လက်ပံတောင်းအစီရင်ခံစာနဲ့ ပတ်သက်လို့ သူတို့ရဲ့ခံစားချက်နဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ်မှာ ဒေသခံပြည်သူလူထုကို တွေ့ဆုံဖို့ ၊ သူ ပြောပြစရာရှိတာတွေပြောပြဖို့ ၊ ရှင်းလင်းစရာရှိတာတွေ ရှင်းလင်းပြဖို့ အဲလိုပြောပါတယ်ခင်ဗျ၊ ဒေသခံတွေက သူတို့လည်း ဒီအစီရင်ခံစာကို ဖတ်ပြီး မေးချင်တာပြုချင်တာ ရှိနိုင်ပါတယ်။”
စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို သမ္မတကို တင်ပြခဲ့ပြီးနောက် သမ္မတက ဒီအစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဖို့ နောက် ထပ် ကော်မတီအဖွဲ့တဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ပြီး သမ္မတရုံး ၀န်ကြီး ဦးလှထွန်းက ဥက္ကဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဒီကော်မတီဟာ ၁၅ဦးပါတဲ့ ကော်မတီတရပ်ဖြစ်တဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment