Monday, March 4, 2013

ဒေါက်တာဆိတ်ဖွား စုံစမ်းဖေါ်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ကြားနာ

စောဇင်ညီ | တနင်္လာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၃

အင်တာနက်စာမျက်နှာပေါ်မှ လွှတ်တော်အား ဝေဖန်ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွား ဆိုသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းဖေါ်ထုတ် ရန် ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ကြားနာကြောင်း ထို ကြားနာမှုတွင် ပါဝင်သော The voice weekly ဂျာနယ် အယ်ဒီတာချုပ် ဦး ကျော်မင်းဆွေ က ပြောသည်။

ဒေါက်တာဆိတ်ဖွား ကြားနာမှုအား ညနေ ၃ နာရီ ခန့်က စတင်ကာ ၄၅ မိနစ်ဝန်းကျင် ကြာမြင့်ပြီး ဒေါက်တာဆိတ်ဖွားဟုတ်မဟုတ်အားကြား နာခံရသူများကို မေးမြန်းကြကြောင်း ဦးကျော်မင်းဆွေက ဆို သည်။

“အဓိက ကတော့ ဆိတ်ဖွား ဘယ်သူလဲဆိုတာ မေးတာဘဲ။ ကျနော်တို့လည်း မသိပါဘူး။ တော်တော်များများ လည်း မသိပါဘူး ပြောကြတယ်” ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။

ကြားနာမှုတွင် ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးမှုကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ် ဆယ့်ခုနှစ်ဦး ပါဝင်ပြီး ကြားနာခံရသူများထဲတွင် တရားဥပဒေဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အခြား အထင်ကရပုဂ္ဂိုလ်များ ပါ ဝင်ကြောင်း သိရသည်။

ထိုစုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းအား ဦးကျော်မင်းဆွေက “အခုပြည်ထောင်စု လွှတ်တော်က ကိုယ်စားလှယ်တွေကို ဒီကိစ္စ တခုတည်းနဲ့အချိန် မကုန် စေချင်ဘူး” ဟု မှတ်ချက်ပြု ပြောကြားသည်။

အင်တာနက်စာမျက်နှာမှ လွှတ်တော်သည် ဥပဒေအထက်တွင် ရှိသလား သဘောရသည့် ဆောင်းပါးကြောင့် ယင်းဝက်ဆိုက် ရေးသားသူ ဒေါက်တာဆိတ်ဖွားဆိုသူအား ယခု လွှတ်တော် အပြီးတွင် ဖော်ထုတ် နိုင်ရန်ကြိုးပမ်းသွားမည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲဝင် တဦး က မဇ္ဈိမ ဂျာနယ်နှင့် တွေဆုံစဉ်ကပြောကြားခဲ့သည်။

ဒေါက်တာဆိတ်ဖွားအား သိရှိနိုင်သည်ဟု ထင်မှတ်၍ မေးမြန်းခံရသူများမှာ Eleven Media Group မန်နေဂျာဒေါက်တာသိန်းမြင့်၊ ဒေါက်တာ ဆိတ်ဖွား ဆောင်းပါးများကို ကူးယူဖော်ပြဖူးသည့် The Street View ဂျာနယ် အကြံပေး ခင်မောင်ညို (ဘောဂဗေဒ)၊ ဆက်သွယ်ရေး ဒုဝန် ကြီး ဦးသောင်းတင် တို့လည်း ပါဝင်ကြကြောင်း သိရသည်။

ဒေါက်တာ ဆိတ်ဖွားသည် “လွှတ်တော် ဥက္ကဋ္ဌနှင့် အပေါင်းအပါများ”၊ “ဥပဒေအထက်တွင် လွှတ်တော်ရှိ သလား” ဆိုသည့်လွှတ်တော်ဝေဖန် ရေး ဆောင်းပါး များကို ရေးသားခြင်းကြောင့် ထို ဒေါက်တာ ဆိတ် ဖွား စာမျက်နှာအား ရေးသားသူကို ဖော်ထုတ်ရန် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးရင်က အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်မှ အဖွဲ့ဝင် ၁၇ ဦးပါ ကော်မရှင်ဖွဲ့ကာ စစ်ဆေး လျက်ရှိသည်။

No comments: