Wednesday, March 6, 2013

ကြက်ဆူစိုက်ခင်းအတွက် သိမ်းဆည်းလယ်မြေ ခရိုင် တာဝန်ရှိသူက သိန်းကျပ်ရာ ဂဏန်းအထက် ဖြင့်ဌားစား

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ လယ်သမား တစ်ဦးပိုင် လယ်မြေများအား ကြက်ဆူ စိုက်ပျိုးရန်ဟု အကြောင်းပြ သိမ်းယူပြီးနောက် ၎င်း လယ်မြေများကို ခရိုင် ဥက္ကဌမှ ပုဂ္ဂလိက လက်ထဲသို့ နှစ်အလိုက် ဌားစားနေကြောင်း နိရဉ္စရာမှ သတင်း ရရှိသည်။

“ မြေကွက်ပေါင်း ၁၀၀ ကျော် သတ်မှတ်ပြီး တစ်ကွက်ကို သုံးသိန်းနုန်းနဲ့ ဌားရမ်းစားနေပါတယ်။ မာန်အောင်မြို့နယ်က ငါးလုပ်ငန်းရှင်တွေကို ငါးလှမ်းဖို့ အတွက် နှစ်အ လိုက် အဲဒီ မြေတွေကို ဌားရမ်းနေကြတာ ဖြစ်ပါတယ်” ဟု အမည် မဖေါ်လိုသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြော သည်။

ကျောက်ဖြူမြို့နယ် ကင်းမြောက် ကျေးရွာ အုပ်စုမှ ဦးဌေးဝင်းပိုင် လယ် (၈) ဧက ကျော်ကို ကြက်ဆူ စိုက်ပျိုးရန် အတွက် ခရိုင် အုပ်ချုပ်ရေး မှူး ရုံးက ၂၀၀၈ ခုနှစ်က သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။

“ မြေ ၅ ဧက ကတော့ ပုံစံ ၁၀၅ ထွက်ပြီးသားပါ။ နောက်ထပ် လယ်မြေက ၃ ဒဿမ ၅ ဧက ဖြစ်ပါတယ်။ စုစုပေါင်းက (၈) ဧကကျော်ရှိပါ တယ်။ အားလုံးကို ကြက်ဆူ စိုက် မယ်ဆိုပြီး သိမ်းထားပါတယ်” ဟု သူက ဆက်ပြောသည်။

သိမ်းယူပြီးနောက် ကြက်ဆူလည်း မစိုက်ပျိုးဘဲ မာန်အောင်မြို့နယ်မှ ငါးလုပ်ငန်းရှင်များကို ဌားရမ်းထားသဖြင့် မကျေနပ်သော ဦးဌေးဝင်းမှ ခြံထဲရှိ သစ်ပင်များကို ဓါးဖြင့် ၀င်ခုတ်သဖြင့် လက်ရှိ အချိန်တွင် မြို့နယ် တရားရုံးတွင် တရားစွဲခံထားရသည်ဟု သိရသည်။

၎င်းနောက်ပိုင်း မတ်လ (၁) ရက်နေ့က ဦးဌေးဝင်သည် မြေစာရင်းဌာနသွားရောက်ပြီး သူ့မြေများကို တိုင်းတာပေးရန် စာရေး တောင်းဆိုခဲ့ သည်ဟု ဆိုသည်။ သူရေးသား သော စာအား ကျောက်ဖြူမြို့နယ် အမှတ် (၁) ပြည်နယ် လွှတ်တော် အမတ် ဦးကျော်လွှင်၊ အမှတ် (၂) ပြည် နယ် လွှတ်တော် အမတ် ဦးတင်ဖေ၊ ခရိုင် မြေစာရင်း ဦးစီးမှူးနဲ့ မြို့နယ် အထွေထွေ ဦးစီးမှူးတို့ကို မိတ္တူ ပေးပို့ထားသည်ဟု ဆိုသည်။

ဦးဌေးဝင်း အနေဖြင့် ယခင်ကလည်း သူပိုင် မြေများကို ပြန်ရလိုကြောင်း နိုင်ငံတော်၊ သမ္မတ၊ ပြည်နယ် ၀န်ကြီးချုပ်၊ ရန်ကုန် အပြည်ပြည် ဆိုင် ရာ အလုပ်သမားရုံးသို့ တိုင်ကြား ထားခဲ့ဖူးသည်ဟု
ဆိုသည်။

ထိုသို့ တိုင်ကြားပြီးနောက် ကျောက်ဖြူခရိုင် ဥက္ကဌ ဦးအောင်မြင့်စိုးမှ ဦးဌေးဝင်းအား ခေါ်ယူပြီး ၎င်းမြေများကို နိုင်ငံတော် စီမံကိန်း အတွက် သိမ်းယူထားသောမြေများ ဖြစ်သဖြင့် တစ်စုံတစ်ရာ နှောင့်ယှက် ဖျက်ဆီးပါက ဖမ်းဆီး တရားစွဲဆို ခံရမည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆို ထားသည်ဟု ဆိုသည်။

No comments: