Thursday, March 14, 2013

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများဆန္ဒပြမှု တစ်လကြာလာသော်လည်း ပြေ လည်မှု မရရှိသေး

ခိုင်ခိုင်

ဂျော်ဒန်နိုင်ငံ အမ္မန်မြို့ တောင်ဘက်၊ ဟာစန်စက်မှုဇုန်ရှိ Century Miracle Jordan (CMJ) အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရန် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစ၍အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုလာခဲ့ရာ တစ်လ အထိကြာလာသော်လည်း ပြေလည်မှု မရရှိ သေးဘဲ ဆန္ဒပြ အလုပ်သမားများ အခက်တွေ့နေကြောင်း သတင်းရရှိသည်။

“မြန်မာနိုင်ငံကနေလူကြီးတွေ လွှတ်လိုက်ပြီလို့ အသံကြားတာပေါ့နော်။ မြန်မာနိုင်ငံကလည်း လာကူညီနေပြီဆိုတာကိုပဲ သတင်းလွှင့်ထား တယ်။ ဒီနေ့အထိ ရောက်မလာ သေးပါဘူး၊ ဘယ်နေ့ ဘယ်အချိန် ရောက်မယ်ဆိုတာ တိတိကျကျ မသိရပါဘူး။ မြန်မာနိုင်ငံက လူကြီးတွေ လာမှ စာချုပ်ချုပ်မယ်ဆိုပြီးတော့ ပြောတယ်၊ လစာကို နှစ်အလိုက်တိုးသွားတာ မှန်တယ်ဆိုပေမဲ့ ကျွန် တော်တို့မှာ တရားဝင် စာချုပ်မချုပ် ရသေးပါဘူး။ ကျွန်တော်တို့က ဘယ်လိုမှ ရုန်းထွက်လို့ မရဘူး ဖြစ်နေ ပါတယ်။ စားဝတ်နေရေးကလည်း အရမ်းအခက်အခဲ ဖြစ်နေပါတယ်။ မြန်မာပြည်ပြန်မယ့်လူတွေလည်း ရှိသလို အလုပ်ပြန်ဆင့်မယ့်သူတွေလည်း ရှိနေပါတယ်၊ အခုဆိုရင် လုံခြုံမှုလည်း မရှိတော့ဘူး။ အမျိုးသမီး ၄ ယောက်လည်း ဒဏ်ရာရထားတယ်။ စက်ရုံအနေနဲ့လည်း လာပြီးကူညီထောက်ပံ့ပေးတာတွေလည်း မရှိဘူး။” ဟု အဆိုပါ စက်ရုံမှ ကိုဇာ နည်ကပြောသည်။

အဆိုပါစက်ရုံမှ အလုပ်သမားများသည် တလလျှင် ၁၅၅ ဒေါ်လာရရှိရာ ဒေါ်လာ ၂၀၀ထိ တိုးမြင့်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ရာ အခြေခံ လစာအပေါ်တွင် ၆ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သဖြင့် လုပ်သက် ၁ နှစ် အောက် ရှိသော အလုပ်သမားများအား တလလျှင် လုပ်အားခ အမေရိ ကန် ဒေါ်လာ အနေဖြင့် ၁၆၄.၄၅ ၊ လုပ်သက် ၁ နှစ်မှ ၂ နှစ် ရှိသူများကို ၁၇၁.၉၃၊ လုပ်သက် ၂ နှစ်မှ ၃ နှစ် ရှိသူများကို ၁၇၉.၄၇၊ လုပ် သက် ၃ နှစ်မှ ၄ နှစ်ရှိသူများကို၁၈၆.၉၀ နှင့် လုပ်သက် ၄ နှစ်အထက် ရှိသူများကို ၁၉၄.၃၆ သို့ တိုးမြှင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ကုမဏီအနေနဲ့ လစာတော့ တိုးမြှင့်ပေးပြီးသွားပြီ။ တိုးမြှင့်တဲ့နေ ရာမှာလည်း မြန်မာနိုင်ငံမှာလည်း အစိုးရဝန်ထမ်းတွေကို နှစ်အလိုက်တိုး ထားတာ ရှိပါတယ်။ အခု ကျွန် တော်တို့ တောင်းဆိုမှ ဂျော်ဒန်နိုင်ငံက ဥပဒေအရ တိုးမြှင့်ပေးခြင်းပဲ ရှိပါသေးတယ်။ စာချုပ်မချုပ်ရသေးပါဘူး။ တိုးမြှင့်တယ်ဆိုတာ နှစ်အလိုက်တိုးပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခု ဆန္ဒပြတဲ့အချိန်ကျမှ အရင်က ဖုံးကွယ် ထားတာတွေကို တိုးပေး တာ ဖြစ်ပါတယ်။ လစာတိုးမြှင့်တာ မဟုတ်ပါဘူး။ နှစ်အလိုက် ပိုက်ဆံတိုးပေးတာ ဖြစ်ပါတယ်။” ဟု ကိုဇာနည်က ဆက်ပြောသည်။

CMJ စက်ရုံတွင် ဆန္ဒပြ မြန်မာ အလုပ်သမား ၁၃၀၀ ကျော်ခန့်ရှိရာ လက်ရှိတွင် အလုပ်သမား ၄၀၀ ခန့်သာ အလုပ်ဆင်းနေပြီး အလုပ်ဆင်း သောသူများမှာလည်း တိုးပေးသော လစာအပေါ် လက်ခံ၍ အလုပ် ဆင်းချင်းမျိုးမဟုတ်ဘဲ စားဝတ်နေရေး အခက်အခဲအများရှိနေ ခြင်း ကြောင့် မတတ်သာ၍ အလုပ်ဆင်းနေရကြောင်းကို အလုပ်သမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြန်မည့် အလုပ်သမား ၇၀၀ ခန့် ရှိနေပြီး အဆိုပါ အလုပ်သမားများထံတွင် အသွားအပြန် လေယာဉ် စရိတ် ဒေါ် လာ ၃၅၀ တောင်းပြီး နှစ်အလိုက်လျှော်ကြေးငွေ များကို ကုမ္ပဏီမှ လှည့်ပတ်ကာ အလုပ်သမားများ ပြန်သွား၍ မရအောင် တောင်းခံနေ ကြောင်း သိရသည်။

“ စားဝတ်နေရေးလည်း အရမ်းအခက်အခဲရှိနေပါတယ်။ လူကြီးတွေလာမှပဲ ကျွန်တော်တို့ကို ညှိနှိုင်းပေးမယ်ဆိုတဲ့ အချက်အလက်လေးတွေ ရှိတာကြောင့် လူကြီးတွေ ကို အမြန်လာအောင်လို့ ဆုတောင်းနေရပါတယ်၊ ဘယ်လိုလုပ်ဆောင်ရမလဲမသိတော့ လိုက်ပြီးတော့ စုံစမ်းနေရတာ ဖြစ်နေပါတယ်။ အခု တစ်ရက်ရက်နဲ့ အချိန်တွေ ကုန်နေပါတယ်။ ဂျော်ဒန်မှာ ကုန်ဈေးနှုန်းတွေ က အရမ်းကြီးပါတယ်။ အဲဒါကြောင့်မို့လို့ မြန် မာနိုင်ငံက လူကြီးတွေကိုလည်း ကျွန်တော်တို့ဆီကို အမြန်ဆုံး လာစေချင်ပါတယ်။” ဟု ကိုဇာနည်မှ ပြောကြားသည်။

နိုင်ငံတော် သမ္မတရုံး၏ လမ်းညွှန် ချက်ဖြင့် ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံးမရှိ၍ အနီးဆုံး အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် ဖြေရှင်းဆောင် ရွက် လျက်ရှိရာ ညှိနှိုင်းဖြေရှင်းမှုအရ ပြေလည် မှု တချို့ရရှိနေ ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေခဲ့သော်လည်း လက်ရှိကာလအထိ အ လုပ်သမားများအဖို့ ပြေလည်မှု မရရှိသေးခြင်း ဖြစ်သည်။

No comments: