Monday, March 18, 2013

ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ စိတ်ရှည်ဖို့လိုဟု တိုနီဘလဲပြော

ABC

မြန်မာနိုင်ငံကို ​ခေတ္တရောက်ရှိနေတဲ့ ​ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ​တိုနီဘလဲ ​က ​ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ​လုပ်ငန်းတွေကို ​လုပ်ဆောင်ရာမှာ ​စိတ်ရှည်သည်းခံမှုတွေလိုအပ်သလို ​ရဲရင့်သတ္တိရှိဖို့လည်းလိုအပ် တယ် လို့ ​ပြောလိုက်ပါတယ်။

မတ်လ ​၁၆ ​ရက်နေ့က ​ရန်ကုန်မြို့ ​Peace ​Center ​မှာ ​ကျင်းပခဲ့တဲ့ ​ပြည်ထောင်စု ​ငြိမ်းချမ်းမှု ​ဖော်ဆောင်မှုကော်မတီ ​နဲ့ ​ကရင် ​ကချင်လူမှုအဖွဲ့အစည်းတွေ ​သီးသန့်တွေ့ဆုံတဲ့ ​အခန်းအနားမှာ ​ဧည့်သည်တော်အဖြစ် ​လေ့လာခဲ့တဲ့ ​တိုနီဘလဲ ​က ​ပြောခဲ့တာ ​ဖြစ်ပါတယ်။

တိုနီဘလဲ ​က ​ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ​ပတ်သက်ပြီး ​သတ္တိရှိဖို့လိုတယ်လို့ ​ပြောခဲ့ရာမှာ ​သတ္တိရှိရှိနဲ့ ​အတိတ်ဖြစ်ရပ်တွေကို ​ချန်ထားခဲ့ဖို့ဆိုတာဟာ ​အခက်ခဲဆုံးဖြစ်တဲ့အကြောင်းလည်း ​ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

တိုနီဘလဲ ​ဖောင်ဒေးရှင်းအကြီးအကဲတစ်ဦးအနေနဲ့ ​မြန်မာနိုင်ငံကို ​လာရောက်ခဲ့တာ ​ဖြစ်ပြီး ​မြန်မာနိုင်ငံမှာ ​လက်ရှိလုပ်ဆောင်နေတဲ့ ​ပြုပြင် ​ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ​အားဖြည့် ​ကူညီရေးအတွက် ​မြန်မာအစိုးရ ​တာဝန်ရှိ ​သူတွေနဲ့ ​ဆွေးနွေး ​ညှိနှိုင်းဖို့လည်း ​ရှိတယ်လို့ ​သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း ​တိုနီဘလဲဟာ ​မြန်မာငြိမ်းချမ်းရေးစင်တာမှာ ​ပြည်ထောင်စုဝန်ကြီး ​ဦးစိုးသိန်းနဲ့ ​တွေ့ဆုံခဲ့ပြီးနောက်မှာ ​ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ ​ကရင်၊ ​ကချင် ​လူမှုရေး ​အဖွဲ့အစည်းတွေနဲ့တွေ့ဆုံနေတာကို ​ခေတ္တလေ့လာခဲ့အပြီးမှာ ​အမှာစကားပြောကြားခဲ့တာ ​ဖြစ်တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မေငယ်က ​သတင်းပေးပို့ထားပါတယ်။

No comments: