Saturday, March 16, 2013
ဖမ်းဆီးသွားသော ဘင်္ဂလာဒေခ်ျ့ ရဲသား (၃) ဦးကို မြန်မာက ပြန်မလွှတ်သဖြင် နယ်စပ် အခြေအနေတင်းမာ
မြန်မာဘက်မှ ဖမ်းဆီး ခေါ်ဆောင်သွားသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ရဲသား (၃) ဦးနှင့် အရပ်သား တစ်ဦးကို ဖမ်းဆီးပြီး ၄၈ နာရီ အချိန်ကြာမြှင့်လာသော်လည်း ပြန်လည် လွှတ်မပေးသဖြင့် နယ်စပ် အခြေအနေမှာ တင်းမာနေသည်ဟု သတင်း ရရှိသည်။
ဘင်္ဂလာဒေခ်ျ့ ရဲသား သုံးဦးနှင့် အရပ်သား တစ်ဦးတို့သည် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မြန်မာ နယ်စပ် အနီး ခေါင်းတုံး နယ်မြေတွင် မြန်မာ နစက တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ဖမ်းဆီးခံရပြီးနောက် သူတို့အား ပြန်လည် လွှတ်မပေးသဖြင် ဘင်္ဂလာဒေခ်ျ့ဘက်ကမှ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များကို နယ်စပ်တွင် တိုးချကာ ကင်းလှည့်နေပြီး အခြေအနေကို စောင့်ကြည့်လျှက် ရှိကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ အမှတ် ၁၇ ဘီဂျီဘီ တပ်ရင်းမှ မြန်မာ နယ်စပ် တာဝန်ရှိသူများသို့ စာရေး အကြောင်း ကြားသော်လည်း လွန်ခဲ့သောနေ့ သောကြာနေ့ထိ တိုင်အောင် ဖမ်းဆီးခံရသူများကို လွှတ်မပေးသည့် အပြင် အလံတင် အစည်း အဝေး ပြုလုပ်ရန်နှင့် ပတ်သက်ပြီးလည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ အမှတ် ၁၇ ဘီဂျီဘီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Mohammad Khalequzzaman သည် ယမန်နေ့ နံနက်ထိ မြန်မာ နစက တာဝန်ရှိသူများနှင့် အဆိုပါ ကိစ္စကို ဆွေးနွေးရန် ခေါင်းတုံး ဘီအိုပီ စခန်းတွင် စောင့်ဆိုင်းနေခဲ့သော်လည်း မြန်မာဘက်က တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိဟု ဆိုသည်။
ဖမ်းဆီးခံထားရသူ ဘင်္ဂလာ ရဲသား သုံးဦးတွင် ၂ ဦးမှာ မြန်မာ နယ်စပ် အနီးရှိ အိုးကီယားမြို့ တပ်ဆင့် ရုပ်မြင်သံကြားလွှင့် ရုံတွင် တာဝန်ကျနေသူ နှစ်ဦး ဖြစ်ပြီး ကျန် တစ်ဦးမှာ ကောတော့ပလောင် မွတ်ဆလင် ဒုက္ခသည် စခန်းတွင် တာဝန်ကျနေသူ ဖြစ်ကြောင်း သိရသည်။ ကျန် အရပ်သား တစ်ဦးမှာ အိုးကီးယားမြို့နယ် ကော့တော့ပလောင်မှ စီးပွားရေး သမား တစ်ဦး ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာမှ မြန်မာဘက်သို့ ဆက်သွယ် စုံစမ်းရာ နစကနှင့် နီးစပ်သူ တစ်ဦးမှ ဘင်္ဂလာဒေခ်ျ့ ရဲသား သုံးဦးနှင့် အရပ်သား တစ်ဦးကို ဖမ်းဆီးထားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။
ဘင်္ဂလီ အမျိုးသား လူလေးဦးသည် အရပ်သား အ၀တ်များဖြင့် မြန်မာနိုင်ငံထဲထိ ၀င်ရောက်ပြီး နယ်စပ် မှတ်တိုင်များနှင့် ခြံစည်းရုံးများအား ဓါတ်ပုံရိုက်သဖြင့် မြန်မာဘက်က ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဆိုသည်။
သူတို့သည် နိုင်ငံခြား အဖွဲ့အစည်းများမှ ငွေယူပြီး မြန်မာနိုင်ငံထဲကို ၀င်ရောက်ပြီး ဓါတ်ပုံရိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
လက်ရှိ အခြေအနေမှာ မြန်မာဘက်က ပုံမှန် အခြေအနေ ရှိသော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်တွင် ပြုလုပ်နေကျ နယ်စပ် လှည့်ကင်းများကို အရှိန် တိုးမြှင့်ကာ လုပ်ဆောင်နေသည်ဟု သိရသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment