Thursday, March 7, 2013

NLD ပါတီဝင်၎ဦး အဖွဲ့ရဲ့ညီလာခံ မတိုင်ခင်ပယ်ထုတ်ခံရ

ABC

မြန်မာနိုင်ငံအဓိကအတိုက်အခံပါတီ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​အန်အဲယ်လ်ဒီဟာ ​လာမယ့် ​သောကြာနေ့ ​မတ်လ ​၈ရက်နေ့မှာ ​ပထမဦးဆုံး ​ပြည်လုံးကျွတ်ညီလာခံကို ​စတင် ​ကျင်းပ ​ပြုလုပ်မှာ ​ဖြစ်ပြီး ​အဲဒီမတိုင်ခင်မှာပဲ ​ပါတီထဲကအဖွဲ့ဝင်လေးဦးကို ​ထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။

မတ်လ ​၁၀ရက်နေ့အထိ ​ကျင်းပပြုလုပ်မဲ့ ​ညီလာခံကို ​တက်ရောက်မဲ့ ​ကိုယ်စားလှယ်တွေလိုက်နာရမဲ့ ​စည်းကမ်းချက် ​ထုတ်ပြန်ထားတဲ့ကြေညာချက်ထဲမှာ ​ကိုယ်စားလှယ်တွေဟာ ​မည်သူမည်ဝါအတွက် ​မဲပေးဖို့ ​စည်းရုံးမဲဆွယ်မှုတွေမလုပ်ဖို့၊ ​လွတ်လပ်စွာ ​မဲပေးပိုင်ခွင့်ကို ​ထိခိုက်တဲ့အပြုအမူ ​အပြောအဆို ​တွေကိုလည်း ​မလုပ်ဖို့ ​ဖေဖေါ်ဝါရီလ ​၂၆ ​ရက်နေ့ထုတ်ပြန်တဲ့ ​အဖွဲ့ရဲ့ကြေညာချက်ထဲမှာ ​ဖော်ပြထား ​ပါတယ်။ ​အဲဒီနောက်ပိုင်းမှာပဲ ​အဖွဲ့ချုပ်ဝင်လေးဦးကို ​အဖွဲ့အတွင်း ​စည်းလုံးညီညွတ်မှုပျက်ပြားစေတဲ့ ​အပြုအမူတွေ ​လုပ်ဆောင်မှုနဲ့ ​အဖွဲ့ထဲကထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

ရေဒီယိုသြစတြေးလျ ​မြန်မာဌာနရဲ့ ​ဖေ့စ်ဘွတ်စာမျက်နှာမှာ ​စာရေးလာတဲ့ ​သောတရှင် ​သင်းသင်းခိုင် ​ကတော့ ​NLD ​ဗဟိုဌာနချပ်မှ ​ထုပ်ပြန်သောသတင်းဟာ ​လုံးဝမှားယွင်းတဲ့ ​သတင်းဖြစ်နေတယ်လို့ ​ရေးသားထားပါတယ်။

ပါတီအတွင်း ​ပယ်ထုတ်ခံရတဲ့သူတွေထဲမှာ ​ပါအ၀င်တဲ့ ​ဦးသန့်ဇင်ဟာလက်ရှိ ​မြန်မာဒီမိုကရက် ​သင်တန်းကျောင်းတည်ထောင်သူတစ်ဦးဖြစ်သလို ​အန်အယ်ဒီ ​ပါတီဝင်များအတွက်လည်း ​သင်တန်းများကို ​မိမိစားရိတ်နဲ့ပို့ချပေးခဲ့သူဖြစ်ကြောင်း၊ ​ပြီးတော့ ​ဦးခင်မောင်ဝင်းကလည်း ​လွှတ်တော်မှာ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ​အခုလိုမျိုးလုပ်ရပ်ဟာ ​လုံးဝမှားယွင်းတဲ့ ​လုပ်ရပ်ဖြစ်တဲ့အကြောင်း ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ​ဌာနချုပ်မှာလည်း ​မမှန်မကန်လုပ်ရပ်ကို ​အုပ်စုဖွဲ့ပြီးစီရင်နေတဲ့ ​အင်အားတစ်ရပ်ရှိနေတယ်လို့ ​စွပ်စွဲထားပြီး ​ဒါတွေကို ​ဒေါ်အောင်ဆန်းစုကြည် ​အနေနဲ့ ​သတိပြုသင့်တယ်လို့ ​လည်း ​မသင်းသင်းခိုင်ရဲ့ရေးပို့လာတဲ့စာထဲမှာ ​ပါရှိပါတယ်။

မကြာသေးခင်ကပဲ ​အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ​အန်အဲယ်ဒီ- ​လွတ်မြောက်နယ်မြေအဖွဲ့ဟာလည်း ​အဲဒီနံမည်နဲ့ ​ရေရှည်မသွားသင့်တော့ကြောင်း ​အန်အဲယ်လ်ဒီ ​- ​လွတ်မြောက်နယ်မြေ ​ကိုယ်စားလှယ် ​တွေနဲ့ ​တွေ့ဆုံခဲ့စဉ်မှာဒေါ်အောင်ဆန်းစုကြည်ကဆွေနွေးခဲ့တယ်လို့ ​ဘီဘီစီမြန်မာပိုင်းသတင်းဌာနက ​မတ်လ ​၅ရက်နေ့ထုတ်သတင်းထဲမှာ ​ဖော်ပြထားပါတယ်။

အခုလို ​ပါတီအတွင်း ​မတည်မငြိမ်ဖြစ်မှုတွေ ​စည်းလုံးညီညွတ်မှုမရှိတာတွေကြောင့် ​အန်အဲယ်လ်ဒီပါတီဟာ ​ပြိုကွဲသွားနိုင်မလားဆိုပြီး ​မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေကထင်မြင် ​သုံးသပ် နေ ကြကြောင်းလည်းသိရပါတယ်။

No comments: