Thursday, May 30, 2013

အစိုးရနဲ့KIOအပြန်လှန်ဆွေးနွေး

ABC

မြန်မာနိုင်ငံ ​ကချင်ပြည်နယ်အတွင်းမှာ ​အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ​အစိုးရနဲ့ ​ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ ​KIO ​တို့ ​မနေ့က ​မြစ်ကြီးနားမြို့မှာ ​ဆွေးနွေးပွဲ ​စတင်ခဲ့ကြပါတယ်။ ​ငြိမ်းချမ်းရေးအတွက် ​အဖြေရှာနိုင်ဖို့ ​နှစ်ဖက်စလုံးက ​မိမိတို့ ​လိုလားချက်တွေကို ​အပြန်အလှန်တင်ပြ ​ပြောဆိုဆွေးနွေးသွားကြပါတယ်။

မြန်မာအစိုးရနဲ့ ​ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့တို့ကြား ​ဆွေးနွေးညှိနှိုင်းမှုတွေ ​ပိုမိုလုပ်ဆောင်သွားဖို့ ​ဆုံးဖြတ်ခဲ့တဲ့အကြောင်းနဲ့ ​နှစ်ဖက်စလုံး ​အပစ်အခတ်ရပ်စဲနိုင်ဖို့ ​ကြိုးစားသွားမှာဖြစ်တယ်လို့ ​အစိုးရဖက်ကကိုယ်စားလှယ်တဦးဖြစ်တဲ့ ​ဒုတိယ ​ဗိုလ်ချုပ်ကြီး ​မြင့်စိုးကပြောပါတယ်။

အစိုးရနဲ့ ​ကေအိုင်အိုတို့ ​နှစ်ဖက်ကြား ​အပစ်အခတ်ရပ်စဲရေးအတွက် ​တရုတ်နိုင်ငံ ​အတွင်းနဲ့ ​ထိုင်းနိုင်ငံအတွင်းအပါအ၀င် ​ရှစ်ကြိမ်လောက် ​ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲတွေ ​ပြုလုပ်ခဲ့ကြပေမယ့် ​ခုချိန်ထိ ​အောင်မြင်မှုမရှိသေးကြောင်းသိရပါတယ်။

ကေအိုင်အိုဖက်က ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုရအောင် ​အစိုးရကိုတောင်းဆိုတာဖြစ်ပြီးတော့ ​ထာဝရငြိမ်းချမ်းရေးအတွက် ​ပိုမိုကောင်းမွန်တဲ့ ​နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ​ပြုလုပ်ဖို့ ​အတွက် ​လည်းတောင်းဆိုနေတာဖြစ်ပါတယ်။

ကချင်ပြည်သူလူထုရဲ့လိုအင်ဆန္ဒ၊ ​ကေအိုင်အိုဖက်ကလားချက်တွေနဲ့ ​နိုင်ငံတကာ ​အသိုင်းအ၀ိုင်းက ​အခြေအနေတွေ ​အဲ့ဒီ ​နှစ်ဖက်စလုံးက ​လက်ရှိအခြေအနေကို ​အခြေခံပြီးတော့ ​အဖြေရှာသွားမှာဖြစ်တယ်လို့ ​ကေအိုင်အေက ​ဒုတိယ ​စစ်ဦးစီးချုပ် ​ဗိုလ်မှူးချုပ် ​ဂွမ်မော်က ​ပြောပါတယ်။

မနေ့က ​စတင်ပြုလုပ်တဲ့ဆွေးနွေးပွဲအတွင်း ​ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ရဲ့ ​မြန်မာပြည်အထူးကိုယ်စားလှယ်ဖြစ်တဲ့ ​ဗီဂျေ ​နမ်ဘီယားလည်း ​တက်ရောက်ခဲ့သလို ​တရုတ်နိုင်ငံကကိုယ်စားလှယ်တွေနဲ့ ​တခြားတိုင်းရင်းသားအဖွဲ့က ​ကိုယ်စားလှယ်တွေလည်း ​တက်ရောက်ခဲ့ပါတယ်။ ​ဒါပေမဲ့ ​ဒီကိစ္စနဲ့ပတ်သက်ပြီး ​ရန်ကုန်က ​ကုလသမဂ္ဂတာဝန်ရှိသူတွေက ​ထင်မြင်ချက်ပေးဖို့ ​ငြင်းဆိုခဲ့ပါတယ်။

ကချင်နဲ့အစိုးရတွေ့ဆုံမှုသတင်း



ကချင်လွတ်လပ်ရေးအဖွဲ့ ​(KIO)နဲ့ ​အစိုးရကိုယ်စားလှယ်တွေကြား ​၈ ​ကြိမ်မြောက် ​တွေ့ဆုံဆွေးနွေးပွဲတွေ ​ကျင်းပနေကြပြီး ​ကုလသမဂ္ဂ ​အထူးကိုယ် ​စားလှယ် ​မစ္စတ ​ဗီဂျေ ​နမ်ဘီယား၊ ​မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူးနဲ့ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ​၈ဖွဲ့လည်း ​လေ့လာသူတွေအဖြစ် ​တက်ရောက်ခဲ့ပါတယ်။

KIOနဲ့ ​အစိုးရကိုယ်စားလှယ်တွေကြား ​ဆွေးနွေးပွဲမစခင်မှာ ​အခက်အခဲတွေရှိခဲ့ပေမဲ့ ​တကယ် ​ဆွေးနွေးတဲ့အခါ ​နှစ်ဖက်စလုံးက ​လိုက်လိုက်လျောလျာနဲ့ ​ဆွေးနွေးတာတွေ့ရတယ်လို့ ​ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ​ဦးလှ ​မောင်ရွှေက ​အခုလိုပြောပါတယ်။

“ဆွေးနွေးပွဲမှာ ​ပြည်ထောင်စုဘက်က ​အစည်းဝေးမလုပ်ခင်ကတည်းက ​အဆိုပြုထားတဲ့အချက် ​၄ချက်ကို ​ဆွေးနွေးတယ်၊ ​KIO ​ဖက်ကတော့ ​သူတို့ပေးပို့ထားတဲ့အချက် ​၂ချက်ပေါ့လေ၊ ​အဲဒီအချက် ​၂ချက်ကို ​ဆွေး ​နွေးတယ်၊ ​နှစ်ဖက်လုံးကတော့ ​ဆွေးနွေးပွဲဟာ ​ရှေ့ပိုင်းမှာတော့ ​အတော်ကို ​အခက်အခဲတွေနဲ့ ​ရက် ​တွေ ​ရွှေ့ရတယ်၊ ​ပျက်မလိုဖြစ်တယ်၊ ​ပြဿနာပေါင်းအများကြီးရှိပေမဲ့ ​ဒီနေ့ဆွေးနွေးပွဲစတဲ့အချိန်မှာ ​တော်တော်လေး ​လိုက်လိုက်လျောလျောနဲ့ ​ဆွေးနွေးတာကို ​တွေ့ရပါတယ်။”

KIO ​ဖက်က ​နိုင်ငံရေးဆွေးနွေးပွဲတွေ ​လုပ်ဆောင်ဖို့နဲ့ ​ပဋိပက္ခဖြစ်စဉ်စောင့်ကြည့်လေ့လာတဲ့အဖွဲ့ ​ဖွဲ့စည်းဖို့ ​ဆွေးနွေးခဲ့ပြီး ​အစိုးရဖက်ကတော့ ​နှစ်ဖက်သဘောတူ ​ဆွေးနွေးပွဲတွေဆက်လုပ်ဖို့၊ ​တပ်ပိုင်းဆိုင်ရာကိစ္စတွေ ​နိုင်ငံရေးဆွေးနွေးရေးကိစ္စတွေ ​ဆွေးနွေးခဲ့တယ်လို့ ​ပြောပါတယ်။

ဒါအပြင် ​ကချင်ပြည်နယ်ထဲက ​သောင်းနဲ့ချီတဲ့ ​ဒုက္ခသည်အရေးနဲ့ ​ပတ်သက်ပြီး ​နှစ်က်ေအဖွဲ့တွေက ​ဒုက္ခ ​သည် ​တွေ ​နေရပ်မပြန်နိုင်သေးခင် ​လုံခြုံစိတ်ချရပြီး ​လိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့နဲ့ ​အပစ်အခတ်တွေရပ်စဲနိုင်တဲ့ ​အချိန်မှာ ​ဒုက္ခသည်တွေအနေနဲ့ ​နေရပ်မှာ ​ပြန်လည်အခြေချနိုင်ရေးအတွက် ​ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ ​ဦးလှမောင်ရွှေက ​ဆက်ပြောပါတယ်။

“KIO ​ဖက်ကတော့ ​သူတို့ရဲ့ ​မူလရပ်တည်ချက်ဖြစ်တဲ့ ​နိုင်ငံရေးဆွေးနွေးတာအဓိက ​၊ ​အပစ်အခတ်ရပ်စဲရေးက ​ဒုတိယ ​အဆင့်၊ ​ပြည်ထောင်စုဖက်ကတော့ ​အပစ်အခတ်ရပ်စဲရေးက ​ပထမ၊ ​နိုင်ငံရေးဆွေးနွေးတာက ​အဲဒီနောက်ပိုင်းမှ၊ ​ဒါပေမဲ့ ​ဦးအောင်မင်းထောက်ပြတာကတော့ ​အပစ်အခတ်ရပ်စဲရေးကို ​လက်မှတ်ရေးထိုးနိုင်မှ ​နောက်တဆင့်သွားမဲ့ ​political ​ဒိုင်ယာလော့အတွက်ကို ​ပိုအဆင်ပြေမယ်၊ ​အားလုံးအပစ်အခတ်တွေရပ်စဲနိုင်ခဲ့ ​မယ်ဆိုရင် ​ တနိုင်ငံလုံးလွမ်းခြုံတဲ့အပစ်အခတ်ရပ်စဲရေး ​လက်မှတ်ရေးထိုးပွဲလိုဟာမျိုးပေါ့ ​စဉ်းစားထားတယ် ​ဆိုတာကို ​ရှင်းပြပါတယ်၊ ​အဲဒါမှ ​၁၇(၁)လိုဟာမျိုးပေါ့နော် ​မတရားအသင်းကနေ ​ပယ်ဖျက်နိုင်ဖို့အတွက် ​အပစ်အခတ်ရပ်ဖို့ဆိုတာလည်း ​ထောက်ပြတော့ ​ဒီမူကိုတော့ ​KIO ​ဖက်ကစဉ်းစားပါ့မယ် ​ပြောပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ ​ပထမဆုံးအကြိမ် ​ပြုလုပ်တဲ့ ​ဆွေးနွေးပွဲရဲ့ ​ပထမနေ့ ​ညနေပိုင်းနဲ့ ​ဒီကနေ့မှာတော့ ​ နှစ်ဖက်အဖွဲ့ခေါင်းဆောင်တွေပဲ ​သီးခြားတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး ​မေလ ​၃၀ရက် ​နေ့ ​မှာတော့ ​စောင့်ကြည့်လေ့လာလိုသူတွေ ​အားလုံးပါတဲ့ ​ဆွေးနွေးပွဲကို ​ပြုလုပ်မှာဖြစ်တယ်လို့ ​ဦးလှမောင်ရွှေက ​ပြောပြခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: