Thursday, May 30, 2013

TNLA ဒေသ၌ အစိုးရ စစ်ဆင်ရေး တိုးမြင့်လာခြင်း

ရွှေဟင်္သာ

ကျောက်မဲ ခရိုင် မိုင်းငေါ့ မြို့နယ်ခွဲ ခူန်ခါ ဒေသ အခြေစိုက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (T.N.L.A) တပ်ရင်း ၇၁၇ နှင့် အစိုးရ ခမရ ၅၀၁ တို့သည် ယနေ့ နံနက် ၃ နာရီ ၀န်းကျင်မှ (၅) နာရီ နီးပါး အထိ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။

“ တိုက်ပွဲ ကတော့ ခူန်ခါရွာ အနားမှာ ဖြစ်တာပါ၊ တဖြည်းဖြည်းနဲ့ အရှိန်ပြင်း လာပြီးတော့ နံနက် ၅ နာရီလောက်မှာ ခူန်ခါ ရွာထဲ အထိ ကူးစက်သွားတယ်။ ရွားသားနှစ်ဦး အနည်းငယ် ဒါဏ်ရာ ရရုံမှ တပါး ဘာမှ မဖြစ်ပါဘူး။ အစိုးရ ဖက်ကတော့ (၂) ဦးသေ (၃) ဦး ဒါဏ်ရာ ရတယ်လို့ မျက်မြင် ရွာသားတွေက ပြောကြတယ်” ဟု T.N.L.A တပ်မှ ၇၁၇ တပ်ရင်းမှူး ကဆို ပါသည်။

တချိန်ထဲတွင် အင်အား (၁၅၀) ခန့် ရှိသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ၇၀၁ စစ်ဒေသ၏ ၀တ်စုံကို ၀တ်ဆင်ထားသည့် အစိုးရ စစ်ကြောင်း နှစ်ကြောင်း သည်လည်း နမ့်ခမ်းမြို့ နယ် မိုင်းဝီး ကျေးရွာဖက်၌ ယနေ့ မနက် (၄) နာရီတွင် ထိုးစစ်ဆင် လာခဲ့ပါသည်။ ၄င်းတို့သည် TNLA တပ်ရင်း ၁၁၂ နှင့် ၄၇၈ တပ်ရင်း နယ်မြေ ထဲကို ဦးတည်ပြီး စစ်ဆင်လာခဲ့သည်ဟု ဒေသခံ တစ်ဦးက ဆိုပါသည်။

“အဲဒီ ရှမ်းယူနီဖောင်း ဝတ်တွေက အင်အား (၁၅၀)ကျော်မယ်။ ၂၉ ရက်နေ့ မနက် (၄) နာရီ လောက်ပေါ့၊ နမ့်ခမ်းမြို့နယ် မိုင်းဝီး ကျေးရွာ ကနေ ထပ်ထွက် သွားတာပါ။ ၂၈ ရက်နေ့ ည (၈) နာရီ တုန်းကလည်း တစ်ခါ ၁၂ ဘီးကား ၃ စီးနဲ့ ဖိုးဝီး ကားတွေနဲ့ မိုင်းဝီး ဘက်ကို ထွက်သွားခဲ့တယ်” ဟု ဆိုပါသည်။

RCSS ယူနီဖောင်းဝတ် အစိုးရ စစ်ကြောင်းသည် ဂစ်ပိုက်လိုင်း လမ်းကြောင်း ရှိရာ နမ့်ခမ်း-ကွတ်ခိုင်မြို့နယ် အစပ် TNLA တပ်ဖွဲ့၏ တပ်ရင်း ၁၁၂ ရှိရာ ဖက်သို့ လည်းကောင်း၊ နမ့်ခမ်း-မန်တုံမြို့နယ် အစပ်ရှိ TNLA တပ်ရင်း ၄၇၈ သို့လည်းကောင်း အသီးသီး တပ်ဖြန့် သွားကြပါသည်။

RCSS/SSA အဖွဲ့သည် တိုက်ပွဲ ဖြစ်ပွားရာ ခူန်ခါရွာမှ (၇) မိုင်ခန့် ကွာဝေးသော ကျောက်လုံးကြီး၊ ကွမ်စလမ် ဒေသသို့ ပြီးခဲ့သည့် မေလ ဒုတိယ အပါတ်၌ ရောက်ရှိခဲ့ပါသည်။ RCSS တပ်ဖွဲ့များသည် ၄င်းတို့၏ နောင်မ စခန်းအား ပြီးခဲ့သည့် မေလ ဆန်းပိုင်းက အစိုးရဖက်မှ သိမ်းဆည်း ခဲ့ပြီးနောက် ဤနေရာသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်ပါသည်။

ဤအခြေအနေကို အသုံးချ လိုသော အစိုးရ တပ်များသည် RCSS ၀တ်စုံဖြင့် TNLA တောင်ပိုင်း ဒေသဖြစ်သော ကျောက် မဲ-နမ့်ဆန်-မိုးမိတ် ဒေသ တွင်းရှိ TNLA တပ်ရင်း ၂၅၆ နှင့် တပ်ရင်း ၇၁၇ ရှိရာ နယ်မြေထဲသို့ ပုံမှားရိုက် စစ်ဆင်ရေးဖြင့် လှုပ်ရှား လာခဲ့ခြင်း ဖြစ်ပါသည်။

RCSS ၀တ်စုံများသည် ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့ နောင်မရွာ အခြေစိုက် RCSS ၇၀၁ စခန်းကို သိမ်းပိုက်စဉ် လက်နက် ခဲယမ်း အချို့နှင့် အတူ ယူနီဖောင်း အစုံ ၃၀၀ ကျော် သိမ်းဆည်း ရရှိ ထားခဲ့ကြောင်း နမ့်ခမ်း ရှမ်းဒေသခံ တစ်ဦးက ဆိုပါသည်။

အစိုးရ တပ်များသည် TNLA ကို စစ်ဆင်ရာတွင် မေလ၂၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင်လည်း နမ့်ဖက်ကာ ဘက်မှ စစ်ဆင်လာသေ ခလရ (၄၅) စစ်ကြောင်းကို TNLA တပ်ရင်း ၁၁၂ ခွဲ (၂) တို့က နမ့်ဖက်ကာ အုပ်စု ဂျုံနော်ရွာနှင့် သာပန်းကုန်း အကြား တောင်ကုန်းတွင် တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲကြောင့် အသက် ၁၈ နှစ် အရွယ်ရှိ လွေးအေကျမ်ငင်းသည် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။

၎င်းသည် သူ့မ မိခင် ဒေါ်ယေကြာ (ယာမာသိန်း)နှင့် အတူ မိုင်းယုလေးမှ ဂျုံနောရွာ အသွား တုံ့ပန်း အရောက်တွင် တိုက်ပွဲ ဖြစ်ပွားမှုနှင့် ရင်ဆိုင် ခဲ့ရသဖြင့် သူမ၏ နာခေါင်း ကျဉ်ဆံမှန်ပြီး ပွဲချင်းပြီး သေဆုံး သွားခဲ့ခြင်းဖြစ်ပါသည်။

ဤအခြေအနေ များကြောင့် အစိုးရ တပ်များသည် အပစ်အခတ် ရပ်စဲထားခြင်း မရှိသော TNLA အား တိုးမြှင့် စစ်ဆင်လာနေခြင်း ဖြစ်ပါသည်။ ဤဒေသ၌ SSPP ၊ KIA နှင့် RCSS တပ်များ ရှိနေသော်လည်း KIA နှင့် တိုက်ပွဲများ ဖြစ်နေရာမှ မြစ်ကြီးနား တွေ့ဆုံဆွေးနွေး ပွဲကြောင့် ရပ်နား သွားခဲ့ပါသည်။

No comments: