Wednesday, May 29, 2013

ကြံ့ခိုင်ရေးပါတီရုံးမြေကို ရပ်ကွက်သားများပြန်ရရေး အထက်လွှတ်တော်အမတ် ဆန္ဒပြမည်

မင်းမင်း | ဗုဒ္ဓဟူးနေ့၊ မေလ ၂၉ ရက် ၂၀၁၃

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီမြို့နယ်ရုံး စိုက်ရာနေရာသည် ယခင်က ရပ်ကွက်ပိုင်မြေဖြစ်သဖြင့် ထိုမြေကိုပြန်ရရန် မတ်လ ၂ ရက်တွင် အထက်လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ရပ်ကွက်သားများကို ဦးဆောင် ဆန္ဒပြမည်ဟု မဇ္ဈိမကိုပြောသည်။

ယခုအခါ ထိုနေရာတွင် ကြံ့ခိုင်ရေးရုံးကို ဖြိုဖျက်လိုက်သော်လည်း ရပ်ကွက်ကို ပြန်မပေးဘဲ ရှစ်ထပ် တိုက်ဆောက်ရန် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို ရပ်ကွက်သားများက မကျေနပ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ အထက်လွှတ်တော်အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

''ဒီကိစ္စကို အဲဒီရပ်ကွက်က ၁၆ ယောက်က သမ္မတဆီ စာတင်ထားတာလည်း အကြောင်းပြန်ကြားချက် မရှိသေးဘူး။ ကျွန်တော်လည်း ဒီကိစ္စကို ပြီးခဲ့တဲ့မတ်လက ဆဋ္ဌမအကြိမ် လွှတ်တော်မှာ တင်ပြထားတာလည်း မထူးခြားဘူး။ ကျွန်တော်တို့ဟာ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ဒီနည်းကို လုပ်ရမှာပါ။ မနေ့ကပဲ စာတင် ထားပါတယ်။ ဒါကလည်း ရပ်ကွက်ပြည်သူတွေရဲ့ ဆန္ဒပါ'' ဟု သူကပြောသည်။

အဆိုပါမြေနေရာသည် တောင်ဥက္ကလာပ ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်တွင် ရှိပြီး ပေ ၁၃ဝ - ပေ ၁၅ဝ အကျယ်ရှိကာ ယင်းမြေကွက်ကို ရပ်ကွက်သားများကလည်း ရပ်ကွက်ပိုင်မအဖြစ်
ပြန်လိုချင်ကြကြောင်း ပြောသည်။

ထိုမြေနေရာကို ကြံ့ခိုင်ရေးပါတီဟု မပြောင်းလဲမီ ကြံ့ခိုင်ရေးအသင်းအဖြစ် ရပ်တည်စဉ်ကတည်းက မြို့နယ်ရုံးဖွင့်လှစ်ခဲ့ပြီး အသင်းမှ ပါတီအဖြစ် ပြောင်းလဲစဉ်တွင်လည်း မြို့နယ်ပါတီရုံး စိုက်ခဲ့သည်ဟု ရပ်ကွက်သားများက ပြောကြသည်။

ယခုအခါ ယင်းမြေနေရာတွင် ရှစ်ထပ်တိုက်ဆောက်လုပ်ရန် YN ဆောက်လုပ်ရေးကုမ္ပဏီက လေလံ ရရှိထားပြီး လုပ်ငန်းများလည်း စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသာဝင်းကမူ လွန်ခဲ့သော ၁၅ နှစ်ကတည်းက ကြံ့ခိုင်ရေးအသင်းက အဆိုပါ မြေနေရာကို မြို့တော်စည်ပင်ထံ လျှောက် ကာရရှိထားသည်ဟုဆိုသည်။

ယခု ရှစ်ထပ်တိုက်ဆောက်လုပ်ပြီးချိန်တွင် အခန်းစုစုပေါင်း ထက်ဝက်ကို ကြံ့ခိုင်ရေးပါတီက ရရှိမည်ဖြစ်ပြီး ကျန်အခန်းများကို YN ဆောက်လုပ်ရေးက ရရှိမည်ဟု ဦးသာဝင်းက အတည်ပြုပြောကြားခဲ့ဖူးသည်။

အထက်လွှတ်တော်အမတ်က ဦးဆောင်၍ ယခုကဲ့သို့ ဆန္ဒပြမည့် အပေါ်ကိုလည်း ဦးသာဝင်းက ''သူတို့ အမြင်မှားလို့ အခုလိုလုပ်တာပါ။ တို့ဆီမှာ အထောက်အထား ဂရန်တွေက ရှိပြီးသားလေ။ အဲဒါကြောင့် ကုမ္ပဏီနဲ့ အကျိုးတူဆောက်တာပေါ့'' ဟု မဇ္ဈိမကိုပြောသည်။

နိုင်ငံရေးပါတီအနေဖြင့် မြေဂရန် ပေါက်လျှောက်ထား၍ မရသော်လည်း ကြံ့ခိုင်ရေးအသင်း၏ အမည်ပေါက်ဖြင့် ရထားသောမြေကို အသင်း က ပါတီထံလှူခဲ့ခြင်းဖြစ်၍ ပါတီပိုင်မြေ ဖြစ်သည်ဟုလည်း ဦးသာဝင်းက ဖြေရှင်းချက်ထုတ် မဇ္ဈိမကို ပြောဆိုသည်။

No comments: