ABC
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
မေလ ၂၉ ရက်နေ့ ညနေပိုင်းမှာ လားရှိုးမြို့အတွင်း လူအုပ်စုအချင်းချင်း အပြန်အလှန် တိုက်ခိုက်မှု ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆူပူအကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေး အဆောက်အဦး ၃ လုံး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီးနဲ့ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံးပြီးတော့ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
အဲဒီမတိုင်ခင် မေလ ၂၈ ရက်နေ့မှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မွတ်စလင် အမျိုးသားတစ်ဦးက မီးရှို့ခဲ့ပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် အစိုးရက လုံခြုံရေးတွေ တိုးချဲ့ချထားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။
ပုဒ်မ ၁၄၄ ဟာ ရပ်ကွက်၊ ကျေးရွာတွေမှာ အုပ်စုလိုက် ရိုက်ပွဲ၊ သတ်ပွဲတွေ ဆူပူသောင်းကျန်းမှုတွေ မဖြစ်အောင် ကြိုတင် တားဆီးတဲ့ အနေနဲ့ ကန့်သတ်မှုတွေလုပ်ဖို့အတွက် ထုတ်ပြန်တဲ့ ဥပဒေဖြစ်ပေမယ့် မနေ့ညပိုင်းမှာတော့ လူအစုလိုက် အပြုံလိုက် ဆိုင်ကယ်တွေကို အသုံးပြုပြီး တိုက်ခိုက်ဖို့လူကို လိုက်ရှာနေကြတဲ့ ဓာတ်ပုံတွေ မြင်ခဲ့ရပါတယ်။
တုတ်တွေကိုင်ဆောင်ထားတဲ့ လူတွေဟာ အုပ်စုလိုက် လမ်းပေါ်ထွက်ပြီး မွတ်စလင်လူမျိုးတွေကို ဆန့်ကျင်တဲ့ ကြွေးကျော်သံတွေအော်ဟစ်ပြီး တိုက်ခိုက်ဖို့ ရှာဖွေခဲ့ကြတယ်လို့လည်း မြို့ခံတွေက အေအက်ဖ်ပီသတင်းကို ပြောပါတယ်။
လုံခြုံရေးသမားတွေလည်း မြို့ထဲမှာ အလုံအလောက်မထားပေးဘူးလို့ ဆိုပါတယ်။ ဆိုင်ကယ်နဲ့ မောင်းနှင်လာတဲ့ လူအုပ်ကြီးက လမ်းပေါ်မှာ တွေ့သမျှမွတ်စလင်တွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် အပြင်မထွက်ရဲကြသလို ညအိပ်တဲ့အခါမှာလည်း စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အိပ်ခဲ့ရတယ်လို့ မွတ်စလင်လူမျိုးတွေက ဆိုပါတယ်။
နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရရှိသူ ၄ ဦး ဆေးရုံကို ရောက်ရှိလာတယ်လို့ လားရှိုးမြို့ဆေးရုံကလည်း အတည်ပြုပြောဆိုပြီး အဲဒီလူနာတွေ အားလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ အဲဒီထဲက အသက် ၄၁ နှစ်အရွယ် ဦးမြင့်နိုင်ရဲ့ ပြောပြချက်အရ ဆိုင်ကယ်နဲ့ မြို့ပြင်ကို ထွက်ဖို့ ကြိုးစားနေတုန်း မွတ်စလင် အယောက် ၃၀ လောက် ဝိုင်းထားတာခံရပြီး သူ့ကို တိုက်ခိုက်ခဲ့တဲ့အတွက် လက်ပြတ်တဲ့အထိ ဖြစ်ခဲ့ရတာလို့ အေအက်ဖ်ပီကို ပြောပါတယ်။
အလားတူပဲ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီး သတ္တုတွင်းဒေသမှာလည်း သတ္တုတွင်းလုပ်သားတွေနဲ့ ဈေးရောင်းချနေတဲ့ အစ္စလာမ်ဘာသာဝင်ဆိုင်ရှင်တစ်ဦးအကြား စကားအချေအတင် ဖြစ်ရာကနေ နောက်ပိုင်းမှာ လူအစုလိုက် ပါဝင်လာတဲ့ ပဋိပက္ခ ဖြစ်ပွားတဲ့အထိ ဖြစ်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ လွိုင်ကော်မြို့က ခက်ဇော်က ရေးသားထားတာကို ခွန်ဒီးယမ်ဖေ့စ်ဘွတ်မှာ တွေ့ခဲ့ရပါတယ်။
မေလ ၂၇ ရက်မှာ ဖြစ်ပွားခဲ့တာလို့ ရေးသားထားပြီး အခင်းဖြစ်ပွားတဲ့ ဒေသမှာ ဒေသခံကယား၊ ကရင်လူမျိုးတွေ နည်းပါးပြီး ကျောက်ပန်းတောင်း၊ မိတ္ထီလာဒေသက ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတွေ အများစု နေထိုင်ရာဒေသဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
No comments:
Post a Comment