Wednesday, May 29, 2013

ဝပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်း ဆိုချက် အောင်မြင်နိုင်လို့ဆို

ABC

မြန်မာနိုင်ငံက ​လက်နက်အကြီးမားဆုံးနဲ့ ​စစ်တပ်အင်အားအကြီးဆုံးရှိတဲ့ ​ဝပြည်သွေးစည်းညီညွတ်ရေး ​UWSA ​အဖွဲ့က ​ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ​ပြည်နယ်အဖြစ်သတ်မှတ်ပေးဖို့ ​တောင်းဆိုမှုတွေ ​လုပ်ခဲ့ပြီးနောက် ​ဒီတောင်းဆိုမှု ​အောင်မြင်နိုင်တယ်လို့ ​ကျွမ်းကျင်သူတွေက ​သုံးသပ်နေကြပါတယ်။

မြန်မာအစိုးရက ​ရှမ်းပြည်နယ်အတွင်း ​ဝလူမျိုးတွေ ​အများစုနေထိုင်ရာဒေသကို ​ဝအထူးဒေသအဖြစ် ​အသိအမှတ်ပြုခဲ့ပြီး ​မြို့နယ် ​၆ ​မြို့နယ်ရှိပေမယ့် ​ဒိထက်မက ​လုပ်ပေးဖို့ ​လိုအပ်တယ်လို့ ​UWSA ​ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ်က ​အေအက်ဖ်ပီကို ​ပြောပါတယ်။

ဝအဖွဲ့က ​မြန်မာအစိုးရနဲ့ ​သင့်မြတ်မှုမရှိခဲ့တဲ့အချိန်မှာ ​တရုတ်အစိုးရနဲ့ ​ဆက်ဆံရေးကောင်းမွန်မှု ​ရရှိခဲ့တာတွေ၊ ​အင်အား ​သုံးသောင်းလောက်ရှိတဲ့ ​စစ်တပ်ကို ​ပိုင်ဆိုင်မှုတွေနဲ့ ​အချက်အခြာကျတဲ့ ​ဒေသမှာ ​တည်ရှိမှုတွေအပြင် ​အရင်ကတည်းက ​သီးသန့်နယ်မြေလိုပဲ ​ကိုယ်တိုင် ​ရပ်တည်နိုင်ခဲ့တာတွေကြောင့် ​ဝခေါင်းဆောင်တွေရဲ့ ​တောင်းဆိုမှုတွေဟာ ​သဘာဝကျတဲ့အနေအထား ​ရှိနေပြီး ​ဗဟိုအစိုးရအုပ်ချုပ်ရေးကို ​လျော့ချပြီး ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုကြောင်း ​တောင်းဆိုမှုကို ​ပထမဆုံး ​ပြုလုပ်တဲ့ ​တိုင်းရင်းသားလူမျိုးစု ​ဖြစ်နေတာလို့ ​မြန်မာ့အရေး ​ကျွမ်းကျင်သူ ​သြစတြေးလျအမျိုးသား ​တက္ကသိုလ်က ​Nicholas ​Farrelly ​က ​ပြောပါတယ်။

အရင်ကတည်းက ​ဝတွေရဲ့ ​တောင်းဆိုမှုတွေကို ​မြန်မာအစိုးရက ​လိုက်လျောတာတွေရှိခဲ့ပြီး ​သူတို့ရဲ့ ​တောင်းဆိုမှုတွေကို ​မြန်မာအစိုးရက ​အလေးထားလေ့ရှိတယ်လို့ ​ဆိုပါတယ်။

ကိုယ်ပိုင် ​ပြဋ္ဌာန်းခွင့်ရ ​ပြည်နယ်အဖြစ် ​သတ်မှတ်ပေးဖို့ ​ဝအဖွဲ့က ​မြန်မာအစိုးရကို ​တရားဝင်တောင်းဆိုပြီးနောက် ​မြန်မာအစိုးရကတော့ ​ဒီကိစ္စကို ​လွှတ်တော်နှစ်ရပ်ကသာ ​ဆုံးဖြတ်ရမှာ ​ဖြစ်တယ်လို့ ​ဖြေကြားခဲ့ပါတယ်။

UWSA ​အဖွဲ့ဟာ ​၁၉၈၉ ​ခုနှစ်ကစပြီး ​မြန်မာအစိုးရနဲ့ ​အပစ်အခတ်ရပ်စဲရေး ​ယူခဲ့တဲ့အဖွဲ့ဖြစ်ပြီး ​မြန်မာနိုင်ငံမှာ ​ဝလူမျိုး ​ရှစ်သိန်းလောက်ရှိပြီးတော့ ​မြန်မာနိုင်ငံရဲ့ ​စုစုပေါင်း ​လူဦးရေရဲ့ ​တစ်ရာခိုင်နှုန်းလောက် ​ရှိတယ်လို့ ​သိရပါတယ်။

No comments: