Monday, May 27, 2013

စစ်ဘေးဒုက္ခသည်များအား နမ့်ခမ်း SNLD နဲ့ ကျားဖြူ စုပေါင်းကူ

ကော့လီ

ယခုမေလဆန်းပိုင်းတုန်းက စစ်ဘေးဒဏ် ခံစားခဲ့ရတဲ့ နမ့်ခမ်းမြို့နယ် အတွင်းက နောင်ခမ်း၊ နောင်မာ့တာ၊ မန်ကွန်တိုက် ကျေးရွာများက လူထုအတွက် ရှမ်းနိုင်ငံရေးပါတီ နှစ်ပါတီဖြစ်တဲ့ နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားမျာ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့က စုပေါင်းကာ မေလ ၂၄ ရက်မှာ ငွေသား သိန်းတစ်ရာနီးပါး၊ ဆန်အိတ်တစ်ရာကျော်နဲ့ အခြားအသုံးအဆောင်ပစ္စည်းများ သွားရောက်ကူညီခဲ့တယ်လို့ သတင်းရရှိပါတယ်။

အခုလို ကူညီထောက်ပံ့ခြင်း အခမ်းအနားကို မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက နောင်ခမ်းကျေးရွာမှာ ပြုလုပ်ခဲ့ပြီး နှစ်ပါတီစလုံးက တာဝန်ရှိသူတွေ၊ ပါတီဝင်တွေ၊ အလှူရှင်တွင် စုစုပေါင်း ၁၀၀ လောက် နမ့်ခမ်းကနေ လိုက်ပါသွားခဲ့ကြပါတယ်။

အဆိုပါ အလှူငွေနဲ့ ပစ္စည်းတွေကို နှစ်ပါတီစလုံးက မြို့နယ်ခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်အရ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဆော်ဩစည်းရုံးပြီး လိုက်လံစုဆောင်းပေးခဲ့တာဖြစ်ပြီးတော့ ဆန်အိတ်တွေအားလုံးကို သိန်းသန်းချီကုမ္ပဏီက လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အလှူငွေ၊ ပစ္စည်းနဲ့ ဆန်အိတ်တွေကို နောင်ခမ်း၊ နောင်မာ့တာ၊ မန်ကွန်တိုက် ကျေးရွာတွေက ထောက်ပံ့ရေးပစ္စည်းပေးဝေရေးကော်မတီဝင်များက တက်ရောက်လက်ခံရယူခဲ့ပြီး မိမိတို့ကျေးရွာတွေမှာ ပြန်လည်ခွဲဝေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထောက်ပံ့ရေး ပစ္စည်း ပေးဝေရေး ကော်မတီကို ရှမ်းနိုင်ငံရေး နှစ်ပါတီက ဦးဆောင်ပြီး တစ်ရွာကို ၇ ယောက်စီနဲ့ ကြိုတင် ဖွဲ့စည်းပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ကူညီထောက်ပံ့ခြင်း အခမ်းအနားအပြီးမှာ ပါတီတွေက တာဝန်ရှိသူတွေ၊ အလှူရှင်တွေက နောင်ခမ်း၊ နောင်မာ့တာ၊ မန်ကွန်တိုက် ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် အိမ်တိုင်ရာရောက် တွေ့ဆုံအားပေးပြီး လိုအပ်တာတွေ မေးမြန်းခဲ့ကြပါတယ်။

ရှမ်းနိုင်ငံရေးပါတီ နှစ်ပါတီက အခုလို သွားရောက်ကူညီရာမှာ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးလည်း လိုက်ပါသွားကာ စကိုင်းနက် (SkyNet) ရုပ်မြင်သံကြားစက် တစ်လုံးကို ပေးလှူခဲ့တယ်လို့လည်း သိရပါတယ်။

ကူညီထောက်ပံ့မယ့် လူဦးရေ အရေအတွက်ကတော့ နောင်ခမ်းကျေးရွာမှာ လူဦးရေ ၅၅၃ ဦး (အိမ်ထောင်စု ၁၃၁ စု)၊ နောင်မာ့တာ ကျေးရွာမှာ လူဦးရေ ၄၆၀ ဦး (အိမ်ထောင်စု ၁၂၇ စု)၊ မန်ကွန်တိုက် ကျေးရွာမှာ လူဦးရေ ၁၇၂ ဦး (အိမ်ထောင်စု ၄၅ စု) ရှိတယ်လို့ သိရပါတယ်။

No comments: