Monday, May 27, 2013

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်တွေရပ်မိရပ်ဖတွေ့ဆုံ ရခိုင်ပါတီနှစ်ခု ပူးပေါင်းရေး အလေးပေးဆွေးနွေး

မိုးဇော်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၏ ပထမအကြိမ် စစ်တွေရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၅ ရက် မနက် ၈း၃၀ နာရီတွင် စစ်တွေမြို့ City Point ခန်းမ၌ ပြုလုပ်ခဲ့ပြီး ရခိုင်ပါတီနှစ်ခုပူးပေါင်းရေးအပါအ၀င် လက်ရှိနိုင်ငံရေးအနေအထားနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းပါတီ၏ ထိပ်တန်းခေါင်းဆောင်များက ဆိုသည်။

" စစ်တွေရပ်မိရပ်ဖနဲ့တွေ့တာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်။ အဓိကဆွေးနွေးဖြစ်ခဲ့တာက ရခိုင်ပါတီနှစ်ခု ပူးပေါင်းရေးကိစ္စအပါအ၀င် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပြင်ဆင်ရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်တယ်။ နောက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့မူဝါဒ၊ လုပ်ငန်းစဉ်တွေကိုလည်း ပြည်သူလူထု ပိုသိအောင်ချပြခဲ့တယ်။ "ဟု ပါတီဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။

အဆိုပါတွေ့ဆုံပွဲကို စစ်တွေမြို့ရပ်မိရပ်ဖများ၊ နိုင်ငံရေး နယ်ပယ်မှပုဂ္ဂိုလ်များ၊ ALD ဗဟိုကော် မတီဝင်များ အပါအ၀င် ရခိုင်ရေးရာစိတ်ဝင်စားသူ ၁၀၀ကျော်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပါတီနှစ်ခု ပူးပေါင်းရေးနှင့်ပတ်သက်၍ ဦးအေးသာအောင်က " ၂၀၁၅ နီးလာတာနဲ့အမျှ ရခိုင်ပြည်သူ လူထုက မိမိတို့ရဲ့ အမျိုးသားပါတီတွေကိုတစ်စုတစ်စည်းတည်း ဖြစ်စေချင်ကြတယ်။ မဲပြန့်မသွားဘဲ ရခိုင်ပါတီ တစ်ခုတည်းကို နိုင်စေချင်တာလည်းပါတယ်။ ကျနော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ့်ပြည်ကိုယ့် လူမျိုးရဲ့ ဆန္ဒကိုအထူးလေးစားပါတယ်။ လေးစားလို့လည်း ပြည်သူတွေ လိုလားမှုမရှိတဲ့ ၂၀၀၈ဖွဲ့စည်းပုံကိုကန့်ကွက်ရင်း၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ခဲတာပါ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ အမျိုးသားညီညွတ်ရေးမူရှိသလို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ပူးပေါင်းရေးအတွက်လည်း ပူးပေါင်းရေးအတွက် အစဉ်တစိုက်ကြိုးပမ်းလျက် ရှိပါတယ်။ ပါတီနှစ်ခုပူးပေါင်းဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ နှစ်ဖက်စလုံး အောက်ခြေကနေ ဗဟိုအဆင့်ထိ ပြင်ဆင်ရပါတယ်။ နှစ်ဖက်ပါတီတွေ ပါတီညီလာခံခေါ်ပြီးတော့ တညီတညွတ်တည်း၊ တဘောတည်းဖြစ်အောင် ဆောင်ရွက်ရပါမယ်။ ပေါင်းပြီဆိုရင် နောက်ထပ် ပါတီမထောင်ရေးအပါအ၀င် အခြားအရေးပါတဲ့လုပ် ဆောင်စရာတွေလုပ်ကြရပါမယ်။ အဆောတလျင်လုပ်မိလို့ ပေါင်းပြီးမှ အဆင်မပြေဖြစ်ရင် ပါတီနှစ်ခုလုံး အထိနာနိုင်တယ်။ ဒါကြောင့် ကျနော်တို့တွေ ပူးပေါင်းရေးအတွက်ကြန့်ကြာနေရတာပါ။ အပြန်အလှန်နားလည်မှု တွေကတဆင့် ပူးပေါင်းရေးလမ်းကြောင်းပေါ် အမြန်ဆုံးရောက်ရှိရေး ALDက ကြိုးစားနေပါတယ်။ " ဟုရှင်းပြ သည်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် စပ်လျဉ်း၍လည်း ၄င်းက " တိုင်းရင်းသား အရေးကို မဖြေရှင်းနိုင်သရွေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာပြေလည်နိုင်မှာ မဟုတ်ဘူး။ တကယ်တော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပင်လုံသဘောတူညီချက်နဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့၊ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုကို ခေတ်အဆက်ဆက် တောင်းဆိုလာခဲ့ကြတယ်။ စစ်အာဏာရှင်တွေက
ငြင်းပယ်ခဲ့လို့ ခုအချိန်ထိ ပြည်တွင်းစစ် ဖြစ်နေရတယ်။ ပြည်တွင်းစစ်ကိုရပ်ပြီး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဆိုရင်ပင်လုံ မူနဲ့ နိုင်ငံရေးကို ဖြေရှင်းရမယ်။ တိုင်းရင်းသားများ ရပိုင်ခွင့်ကိုအာမ ခံနိုင်တဲ့စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရမယ်။ "
ဟု ၄င်းက ထောက်ပြသွားခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ လူထုနှင့်တွေ့ဆုံပွဲများကို မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင်ပြု လုပ်ခဲ့ပြီး မင်းပြားနှင့် အမ်းမြို့နယ်များတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌက ဆိုသည်။

တချိန်တည်းတွင်စစ်တွေ ALD ရုံးတွင် ပလက်ဝအပါအ၀င်မြို့နယ် ၁၈ ခုမှ အဖွဲ့ဝင်များတက်ရောက်သည့် " ပါတီ သဘောတရား အလုပ်ရုံဆွေးနွေးပွဲ " ကို မေ၂၅ မှ ၂၉ ထိပြုလုပ်သွားမည်ဖြစ်ကြောင်း ALD ခေါင်းဆောင်များက ပြောကြားခဲ့သည်။

No comments: