Tuesday, May 28, 2013

ရိုဟင်ဂျာတွေ ကလေး ၂ယောက်ထက် မယူရ ဥပဒေ ဒေါ်စုရှုတ်ချ

ABC

မြန်မာနိုင်ငံအနောက်ပိုင်း ​ရခိုင်ပြည်နယ်မှာ ​ရိုဟင်ဂျာလူဦးရေ ​ပြန့်ပွားမှုကို ​ကန့်သတ်တဲ့အနေနဲ့ ​ရိုဟင်ဂျာတွေရဲ့ ​ကလေးမွေးနှုန်းကို ​မြန်မာအစိုးရက ​ကန့်သတ်လိုက်တာကို ​ဒေါ်အောင်ဆန်းစုကြည်က ​ဝေဖန် ​ရှုတ်ချလိုက်ပါတယ်။

မြန်မာ ​အာဏာပိုင်တွေက ​ရိုဟင်ဂျာမိသားစု ​တစ်စုမှာ ​ကလေး ​၂ ​ယောက်ထက် ​ပိုမမွေးဖို့ ​တားမြစ်ချက်ကို ​၁၉၉၄ ​ခုနှစ်ကတည်းကစပြီး ​ပေါ်လစီချမှတ်လိုက်ပေမယ့် ​ထိရောက်စွာ ​အရေးယူမှုတွေ ​မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် ​မကြာသေးခင်ကပဲ ​အဲဒီပေါ်လစီ ​အသက်ဝင်လာတော့မယ်လို့ ​ဒေသခံအာဏာပိုင်က ​အတည်ပြုပြောဆိုပြီးနောက် ​ဒေါ်အောင်ဆန်းစုကြည်က ​ဝေဖန်လိုက်တာ ​ဖြစ်ပါတယ်။

ဒီလို ​ကန့်သတ်မှုလုပ်တာဟာ ​ခွဲခြားဖိနှိပ်မှုဖြစ်ပြီး ​လူ့အခွင့်အရေးနဲ့လည်း ​ကိုက်ညီမှုမရှိဘူးလို့ ​ ဒေါ်အောင်ဆန်းစုကြည်က ​ပြောလိုက်ပါတယ်။ ​ပြီးခဲ့တဲ့နှစ်က ​ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ရိုဟင်ဂျာနဲ့ ​ရခိုင်တွေရဲ့ ​ပဋိပက္ခအတွင်း ​ဒေါ်အောင်ဆန်းစုကြည်က ​နှုတ်ဆိတ်ခဲ့တဲ့အပေါ် ​ဝေဖန်မှုတွေလည်း ​ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခဖြစ်ပေါ်ပြီးနောက် ​အစိုးရက ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်တစ်ရပ်ကို ​ဖွဲ့စည်းခဲ့ပါတယ်။ ​စုံစမ်းစစ်ဆေးရေးအဖွဲ့က ​ပြီးခဲ့တဲ့ ​ဧပြီလကပဲ ​အစီရင်ခံစာ ​ထုတ်ပြန်လိုက်ပြီး ​အစီရင်ခံစာထဲမှာ ​ရခိုင်လူမျိုးတွေက ​ရိုဟင်ဂျာလူဦးရေ ​တိုးများလာတဲ့အပေါ် ​စိတ်မသက်မသာဖြစ်နေတဲ့အတွက် ​မြန်မာအစိုးရကသာ ​အရင်ကတည်းက ​ချမှတ်ခဲ့တဲ့ ​ကလေးမွေးနှုန်းကန့်သတ်တဲ့ ​ပေါ်လစီကို ​ကျင့်သုံးရင် ​အခြေအနေကောင်းလာနိုင်တယ်လို့ ​အကြံပြုထားပါတယ်။ ​ဒါပေမယ့် ​အဲဒီပေါ်လစီကိုလည်း ​အတင်းအဓမ္မ ​ကျင့်သုံးရင် ​လူ့အခွင့်အရေးချိုးဖောက်ရာ ​ရောက်နိုင်တယ်လို့လည်း ​သတိပေးထားပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ​အဲလို ​အကြံပြုထားတဲ့အတွက် ​အဲဒီပေါ်လစီကို ​ပြန်လည်အသက်သွင်းမယ်လို့ ​ရခိုင်ဒေသခံ ​အာဏာပိုင်တွေက ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။ ​ရခိုင်ပြည်နယ်အစိုးရက ​တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့နဲ့ ​မိသားစုတစ်စုမှာ ​ကလေး ​၂ ​ယောက် ​အထိသာ ​မွေးကြဖို့ ​ပြောဆိုထားပြီး ​ကလေး ​၂ ​ယောက်ထက်မက ​မွေးတဲ့လူကို ​တရားမဝင်သူအဖြစ် ​သတ်မှတ်မယ်လို့ ​သိရပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးဥာဏ်ဝင်းကတော့ ​မြန်မာအစိုးရအနေနဲ့ ​ရိုဟင်ဂျာတွေကို ​နိုင်ငံသားဖြစ်ခွင့် ​ပိတ်ပင်တဲ့ ​ဥပဒေကို ​ပြင်ဆင်သင့်ပြီလို့ ​ရိုက်တာ ​သတင်းကို ​ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို ​နိုင်ငံသားဖြစ်ခွင့်ပေးရင် ​ပြဿနာအတော်များများ ​ဖြေလျော့သွားနိုင်တယ်လို့ ​ပြောပါတယ်။ ​ရိုဟင်ဂျာတွေကို ​နိုင်ငံသားဖြစ်ခွင့်ပေးတာကို ​ရခိုင်လူမျိုးတွေက ​လက်မခံသည့်တိုင် ​အကောင်အထည်ဖော်သင့်တဲ့အကြောင်း ​ရခိုင်လူမျိုးတွေမှာလည်း ​သေချာရေရာတဲ့ ​အဖြေတွေ ​မရှိကြဘူးလို့ ​ဆိုပါတယ်။

ရခိုင်လူမျိုးတွေက ​ရိုဟင်ဂျာတွေကို ​ရခိုင်ပြည်နယ်ကနေ ​လုံးဝနှင်ထုတ်ဖို့ ​ဆန္ဒရှိပေမယ့် ​ဒါဟာ ​မဖြစ်နိုင်တဲ့ ​ဖြေရှင်းချက်ဖြစ်တယ်လို့ ​ဦးဥာဏ်ဝင်းက ​ရိုက်တာသတင်းကို ​ပြောသွားခဲ့ပါတယ်။ ​ရခိုင်ပြည်နယ်မှာ ​ရိုဟင်ဂျာ ​အယောက်ပေါင်း ​ရှစ်သိန်းလောက်ရှိမယ်လို့ ​ခန့်မှန်းကြပြီး ​ဦးဥာဏ်ဝင်းအပါအဝင် ​မြန်မာပြည်တွင်းမှာတော့ ​အများစုက ​ရိုဟင်ဂျာကို ​ဘင်ဂါလီလူမျိုးလို့ ​ခေါ်ဆိုကြပါတယ်။

No comments: