Tuesday, July 29, 2014

MSF ဖိတ်ခေါ်မှု ရခိုင်ပြည်သူများ နားလည်ခွင့်လပ်ပြီး စောင့်ကြည့်စေလိုကြောင်း ရခိုင်ပြည်ဝန်ကြီးချုပ်ပြောကြား

မိုးဇော်

နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) နှင့်ပတ်သက်ပြီး ရခိုင်ပြည်သူလူထုများ စိုးရိမ်မှုရှိခြင်း၊ လက်မခံခြင်းကို ပြည်နယ်ဝန်ကြီးချုပ်က တောင်းပန်ကြောင်း၊ ၀မ်းလည်းနည်းမိကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်ပြီးလည်း နာလည်ခွင့်လပ်ပေးရန်နှင့် MSF အပါအ၀င် UN/INGO များကို မည်သို့ ကိုင်တွယ်သွားမည်ကို ပြည်သူလူထုအနေဖြင့် စောင့်ကြည့်စေလိုကြောင်း ရခိုင်ပြည်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ယနေ့ (၂၆.၇.၂၀၁၄)တွင် ပြောကြားလိုက်သည်။

ယနေ့ နံနက် ၉ နာရီက စစ်တွေမြို့ ရခိုင်ပြည်အစိုးရအဖွဲ့ရုံးခန်းတွင် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေရှိ မီဒီယာများကို ဖိတ်ကြားကာ ၂၃ ရက်နေ့က MSF အပါအ၀င် UN/INGO များကို ဖိတ်ခေါ်သည့် ထုတ်ပြန်ချက်နှင့် MSF အဖွဲ့ကို ရခိုင်ပြည်သူများက လက်မခံခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းသည့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

" နိုင်ငံတော်ကြီးရဲ့ အခက်အခဲကို ဖြေရှင်းတာလည်း တစ်ပိုင်း၊ အနာဂတ်မှာ ဆောင်ရွက်မယ့် ရခိုင်ဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရခိုင်တိုင်းရင်းသားများ ဂုဏ်သိက္ခနဲ့ ပတ်သက်ပြီး တစ်ပိုင်း၊ လက်ရှိ ဒီလိုမျိုးဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်အတွက်ရော၊ တကယ့် နိုင်ငံတကာ မျက်နှာစာမှာရော ကောင်းမွန်ပြီးတော့မှ တိုင်းရင်းသားအတွက် ထိခိုက်နစ်နာမှုမရှိဘူး၊ ကျနော်တာဝန်ယူနိုင်တယ်လို့ ယူဆတဲ့အတွက် နိုင်ငံတော်ရဲ့ အခက်အခဲကို ဖြေရှင်းတဲ့အခါမှာ ကျနော်သည် သမာသမတ်ကျကျ စဉ်းစားပြီးတော့မှ ဒါဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျနော်လုပ်ခဲ့တာဟာ လူထုဆန္ဒနဲ့ မကိုက်ညီဘူးဆိုရင်လည်း ကျနော်တောင်းပန်ပါတယ်။ ကျနော့်ကို နားလည်ပေးပါ။ ကျနော်ရဲ့ မှန်ကန်သော ရွည်ရွယ်ချက်က တစ်နေ့ကျရင် အဖြေပေါ်မယ်လို့ ယူဆပါတယ်။ ကျနော် နောက်ဆုံးစကားပြောလိုတာက လူထုမကြိုက်မိတဲ့ အလုပ်တစ်ခုကို လုပ်မိတဲ့အတွက် ကျနော်စိတ်မကောင်းပါဘူး။ သို့သော် လက်တွေ့ကျတဲ့ အဖြေ အလုပ်ကို စောင့်ကြည့်ပါအုန်း၊ ကျနော်ဒီလိုတော့ ပြောပါရစေ။ " ဟု ၀န်ကြီးချုပ်က ဆိုသည်။

ယခုထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်မှာလည်း ထုတ်ပြန်ချက်သာဖြစ်ပြီး၊ လက်တွေ့လုပ်ကိုင်သည့်အခါမှာ ပြည်သူများလက်ထဲမှာသာရှိသည့်အတွက် UN/INGO များကို ရခိုင်ပြည်သူလူထုဆန္ဒကို အလေးထား လုပ်ကိုင်ဆောင်ရွက်ပေးဖို့ ရဲရဲဝံ့ဝံ့အာမခံကြောင်း၊ တကယ်လို့ UN/INGO များအနေဖြင့် ရခိုင်ပြည်သူများ၏ သဘောဆန္ဒနှင့် မကိုက်ညီ၊ တစ်စုံတစ်ရာဖြစ်ခဲ့လျှင်လည်း ယင်းအဖွဲ့အစည်းကို လုပ်ငန်းများရပ်ဆိုင်ကာ ထွက်ခွာပေးဖို့ ရဲရဲတင်းတင်း တာဝန်ယူ ကတိပေးကြောင်း ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

" ပြီးခဲ့တဲ့ကာလကဟာကို မယုံကြည်တာနဲ့ အခုလည်း ဒီလိုပဲလားဆိုတော့ ကျနော့်ကို ဆောင်ရွက်ဖို့ အချိန်ပေးပါအုန်း၊ စောင့်ကြည့်ပါအုံး၊ ဘာမှလည်း မသိသေးဘဲနဲ့ ကျနော်ထင်တယ်လေ။ ကို့ဖက်လည်းအကျိုးမရှိ၊ ထိုဖက်လည်းအကျိုးမရှိ၊ လူထုလည်းအကျိုးမရှိ၊ ဘယ်သူမှ အကျိုးမရှိ၊ အဲတော့ စောင့်ကြည့်ပေးပါ။ ကျနော်မှားရင် ကျနော့်ကို ထောင်ပြပေးပါ။ ကျနော့်ကို ကြပ်မတ်ပေးပါ။ ပြောမရရင် ကျနော့်ကို ကန်ထုတ်လိုက်ပါ။ ကျနော် ဒီလိုတော့ ပြောလိုပါတယ်။ " ဟု ဆိုသည်။

ရခိုင်ပြည်သူလူထု စိုးရိမ်ပူပန်းခြင်း၊ လက်မခံခြင်းမှာလည်း နယ်စည်းမခြား ဆရာဝန်များအသင်းသည် မောင်တော ဒုချီးရားတန်းဖြစ်စဉ်မှာ သတင်းအမှားထုတ်ပြန်ခြင်း၊ ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်နေရာတွင်လည်း ဘင်္ဂလီများကိုသာ တစ်ဖက်သက် ဦးစားပေး ကူညီဆောင်ရွက်ပေးခြင်း စသော အချက်များဖြစ်ကြောင်း၊ တကယ်လို့ MSF အဖွဲ့ကို လက်ခံလိုက်ပြီး ယခင်က ဖြစ်ခဲ့သည့်အတိုင်း ဆောင်ရွက်ချက်များပြုလုပ်ကာ မဖြစ်သင့်သည့် ပြဿနာများ ပေါ်ပေါက်လာပါက ရခိုင်ပြည်အစိုးရမှာသာ တာဝန်ရှိပြီး ရခိုင်ပြည်သူလူထုနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း မနေ့က (၂၅.၇.၂၀၁၄) စစ်တွေမြို့ စေတနာမိုးခန်းမတွင် ပြုလုပ်သည့် ရခိုင်တိုင်းရင်းသားများ တွေ့ဆုံပွဲမှ သိရသည်။

ဆက်လက်ပြီး ရခိုင်ပြည်အစိုးရ အနေဖြင့် မြေပုံမြို့တွင် ဖော်ဆောင်နေသော ၁၉၈၂ ဥပဒေနှင့် ပတ်သက်ပြီး စစ်ဆေးခံရန် ဘင်္ဂလီ ၁၀၉၅ ဦးကို စာရင်းရရှိထားကြောင်း၊ ထိုသူတို့ကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ သမ္မတအထိတင်ပြကာ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အကောက်မခံ နိုင်ငံသားမဖြစ်သေးသည့်သူများကို တစ်ခုခုတော့ လုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားဥပဒေအရ အကောက်မခံဘူးဆိုလျှင် နိုင်ငံသားမပေးလျှင်လည်း ရသည်ဟု ပါရှိသည့်အတွက် ယင်းကဲ့သို့လည်း လုပ်ဆောင်လို့လည်းရကြောင်း၊ ဤကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်မှာ ဆက်နွေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

No comments: