ဖြိုးဝေလင်း
မြို့ပတ်ရထားလမ်းပေါ်တွင် အရက်မူးကာ အိပ်ပျော်နေသူတစ်ဦး ရထားကြိတ်ခံရသဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၃ ရက်၊ ည ၇ နာရီခွဲဝန်းကျင်က အင်းစိန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်ပွားပုံမှာ လှော်ကားဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာသည့် မြို့ပတ်ရထားသည် အင်းစိန်မြို့နယ်အတွင်းရှိ တညင်းကုန်းဘူတာနှင့် အောင်ဆန်းဘူတာကြားတွင် ရထားသံလမ်းပေါ်၌ အိပ်ပျော်နေသူ တစ်ဦးကို ကြိတ်မိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်တွင် နေထိုင်သူ ကိုဝေဖြိုးအောင် (၂၅) နှစ်ဖြစ်ပြီး အရက်မူးကာ ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေစဉ် ရထားကြိတ်ခံရခြင်း ဖြစ်သည်။
ရထားကြိတ်ခံရသဖြင့် ကိုဝေဖြိုးအောင်၏ ဦးခေါင်း ၀ဲခြေထောက်နှင့် ၀မ်းဗိုက်တို့တွင် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားသည့် နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးအလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး အင်းစိန်မြို့မရဲစခန်းက သေမှု သေခင်း အမှတ်စဉ်(၄၆/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ ပြီးခဲ့သည့် မတ်လ ၉ ရက်တွင် တစ်ရက်အတွင်း သင်္ဃန်းကျွန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ရထားကြိတ်ခံရမှုကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။
No comments:
Post a Comment