မောင်မန်း
ရွှေတိဂုံစေတီတော် ဧရိယာအတွင်းရှိ အထင်ကရနေရာများ၏ အချက်အလက်များ၊ သမိုင်းကြောင်းများ၊ရွှေတိဂုံစေတီတော် တည်ထားသည့် ဗိသုကာအတတ်ပညာများ၊ စေတီတော်တွင် ထည့်သွင်းပူဇော်ထားသည့် ဌာပနာများ၊ ရွှေတိဂုံစေတီတော်တွင် ကျင်းပသည့် ပွဲတော်များကို ကြည့်ရှုလေ့လာနိုင်မည့် မိုဘိုင်း App ကို အခမဲ့ရယူ သုံးစွဲနိုင်ပြီဟု ရေးဆွဲထားသည့် အင်မိုင်ခ နည်းပညာကုမ္ပဏီ၏ စီမံကိန်းမန်နေဂျာ မနန်းညိမ်းလှသူက ပြောသည်။
ရွှေတိဂုံစေတီတော်ရှိ အထင်ကရနေရာ ၃၁ နေရာ၏ တည်နေရာများ၊ သမိုင်းများကို အသံ၊ စာ၊ ပုံများဖြင့် ဖော်ပြမည်ဖြစ်ပြီး ယင်း ၃၁ နေရာကို သေချာစွာစိစစ်ဖော်ပြထားခြင်း ဖြစ်သည်ဟုလည်း မနန်းညိမ်းလှသူ က ဆိုသည်။
အထင်ကရနေရာ ၃၁ နေရာတွင် မုခ်ဝလေးခု၊ ပတ္တမြားမျက်ရှင်ဘုရား၊ အောင်မြေ၊ ပထမဆုံး စိုက်ပျိုးခဲ့ သည့် တောင်ဘက်မုခ် ရှိ ဗောဓိညောင်ပင် စသည်ဖြင့် ပါဝင်မည်ဖြစ်သည်။
အထင်ကရနေရာများတွင် Scan Code များထားရှိမည်ဖြစ်ပြီး ယင်း Scan Code များ Scan ပြုလုပ်ပါက ယင်းနေရာ၏ အချက်အလက်များကို အသံ၊ စာ၊ ပုံများဖြင့် ဖော်ပြနိုင်ရန် ရေးဆွဲထားသည်။
App ကို Auto နှင့် Manual နှစ်မျိုး အသုံးပြုနိုင်ရန် ဆောင်ရွက်ထားပြီး Auto တွင် ရောက်နေသည့်နေရာရှိ Scan Code ကို Scan လုပ်ပြီး အချက်အလက်များ ရှာဖွေရမည်ဖြစ်ကာ တည်နေရာသို့ လမ်းညွှန်များပါဝင် မည်ဖြစ်သည်။ Manual တွင် အချက်အလက်များကို တစ်ခုစီရှာဖွေနိုင်မည်ဟု ဆိုသည်။ အဆိုပါ အက်ပလီ ကေးရှင်းကို Google Play Store တွင် စတင်ဒေါင်းလုပ်ရယူနိုင်သည်။
ရွှေတိဂုံစေတီတော် မိုဘိုင်းApp ကို လက်ရှိတွင် Android ဗားရှင်းသာရေးဆွဲထားပြီး iOS App ရေးဆွဲ ရန်လည်း အစီအစဉ်ရှိသည်ဟု ၎င်းက ဆိုသည်။
မနန်းညိမ်းလှသူက “ရွှေတိဂုံစေတီကို လာဖူးတဲ့အများစုက Android ဖုန်းတွေ သုံးတဲ့အတွက် ဒါကိုအရင် လုပ်တာပါ။ စေတီကိုလာဖူးတဲ့ ၇၀ ရာခိုင်နှုန်းက Android ဖုန်းအသုံးပြုပါတယ်”ဟု ဆိုသည်။
မိုဘိုင်း App တွင် မြန်မာ၊ အင်္ဂလိပ်၊ ကိုရီးယား၊ တရုတ်၊ စပိန်နှင့် ဂျာမနီ ဘာသာများဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး လက်ရှိတွင် အင်္ဂလိပ်နှင့် မြန်မာဘာသာများနှင့် အသုံးပြုနိုင်ပြီ ဖြစ်သည်။
No comments:
Post a Comment