ထင်လင်းအောင်
ပြည်တွင်း လုပ်ငန်းများဖြစ်သော မက်စ် (Max) နှင့် ဧဒင် လုပ်ငန်းစုတို့ကို ဟိုတယ်လုပ်ငန်းများတွင် ထပ်မံရင်းနှီးမြှုပ်နှံရန် ခွင့်ပြုလိုက်သည်ဟု ရင်းနှီင်းမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှူး ဦးစီးဌာန DICA က ထုတ်ပြန်လိုက်သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သည် ယခု ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်က ပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက် ၁/၂၀၁၅ အရ လုပ်ငန်းပေါင်း ၂၀ ကို ခွင့်ပြုချက်ပေးခဲ့သည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းခွင့်ပြုလုပ်ငန်း ၂၀ တွင် ယင်းအနက် မက်စ် (Max) ကုမ္ပဏီက လုပ်ကိုင်မည့် ဟိုတယ်လုပ်ငန်းတစ်ခု၊ ဧဒင်လုပ်ငန်းစုမှ လုပ်ကိုင်မည့် ဟိုတယ်လုပ်ငန်းတစ်ခုနှင့် Snow Dimond ကုမ္ပဏီလီမိတက်မှ လုပ်ကိုင်မည့် ဟိုတယ်လုပ်ငန်းတစ်ခု အပါအဝင် ဟိုတယ်လုပ်ငန်း သုံးခုကို ခွင့်ပြုခဲ့သည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဧဒင်လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က 'အခု MIC ခွင့်ပြုချက်ကျတာက ငပလီမှာ ဖွင့်ထားပြီးသား ဖြစ်တဲ့ ဟိုတယ်အတွက် ခွင့်ပြုမိန့်ကျတာပါ။ အသစ်ထပ်လုပ်မယ့် လုပ်ငန်းမဟုတ်ပါဘူး' ဟု မဇ္ဈိမကို ဇန်နဝါရီ ၂၀ ရက်တွင် ပြောသည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ရာတွင် ဧဒင်လုပ်ငန်းစုအတွက် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အမှတ် (၃၈) ရပ်ကွက်၊ဇီးဖြူကုန်း ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၀၁)၊ ကွမ်းခြံကွင်း၊ ငပလီ ကမ်းခြေရှိမြေ (၆၀၆၁) စတုရန်းပေပေါ်တွင် လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းနေရာတွင် ဧဒင်လုပ်ငန်းစုသည် ကမ္ဘာ့ထိပ်တန်း ဟိုတယ်အုပ်စုတစ်ခုဖြစ်သော ဟီလ်တန်နှင့် ပူးပေါင်းကာ Hilton Ngapali Resort & Spa အမည်ဖြင့် ဖွင့်လှစ်ခဲ့သည်ဟု ဦးချစ်ခိုင်က ပြောသည်။
ထို့အတူ Max (Myanmar) Hotel ကုမ္ပဏီလီမိတက်ကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြေတိုင်း ရပ်ကွက်အမှတ် (၁၄)၊ ဧည့်ဂေဟာရပ်၊ မြေကွက်အမှတ် JV- ၀၀၄ ရှိမြေ ၁၂၂ ဧက ပေါ်တွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု DICA က ထုတ်ပြန်ထားသည်။
Snow Diamond ကုမ္ပဏီကိုလည်း ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ကွင်းအမှတ် (၁၁၈၀)၊ ကြာအင်းတောင်ကွင်း၊ ဦးပိုင်အမှတ် (N-၁၆၅) ရှိ မြေ ၀ ဒသမ ၄၂ ဧကတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် MIC ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားရှိသည့် ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားဖြင့် ၂၀၁၄ ဒီဇင်ဘာလကုန်အထိ လုပ်ငန်းပေါင်း ၅၇ ခုမှ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ် လာ ၂,၁၅၇ သန်းကျော် ရှိနေခြင်း ဖြစ်သည်။
No comments:
Post a Comment