Thursday, January 22, 2015

ဗိုလ်ကြီးအဆင့်ရှိသူက ဒုခရိုင် အုပ်ချုပ်ရေးမှူးကို သေနတ်ပစ်သတ်မှု လင်းခေးခရိုင်ရုံးတွင် ဖြစ်ပွား

အောင်ကိုဦး

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီလ ၁၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ် တွင် ခ.လ.ရ (၉၉) မှ ဗိုလ်ကြီးမြတ်သူသည် ဒု-ခရိုင် အုပ်ချုပ်ရေးမှူး ဘိုဘိုသန်းဆွေအား ပစ်စတိုသေနတ်ဖြင့် သုံးချက်ပစ်ခဲ့သည်ဟု အဆိုပါရုံးအနီး နေထိုင်သူ ဒေသခံ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အဆိုပါ သေနတ်ဒဏ်ရာရသူအား လွယ်လင်ဆေးရုံသို့ ပို့ဆောင်စဉ်အဆိုပါ ဒုခရိုင်အုပ်ချုပ်ရေးမှူးမှာ သေဆုံးခဲ့သည်ဟု မျက်မြင်ဒေသခံများက ဆိုသည်။

အဆိုပါ သေနတ်ပစ်ခက်မှုနှင့် ပတ်သက်၍ မည်သည့်ကိစ္စနှင့်ပတ်သက်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ကို အတိအကျ မသိရသေးကြောင်း လင်းခေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူထံမှ သိရသည်။

"ပစ်ခတ်မှုဖြစ်တာတော့ဟုတ်တယ်။ လောလောဆယ်ဖြေပေးလို့မရဘူး။ အထက်အရာရှိတွေကို တင်ပြပြီးမှ ဖြေပေးလို့ရမယ်။"ဟု ဇန်နဝါရီ ၁၉ ရက်ည ၇ နာရီတွင် တာဝန်ကျ ရဲအရာရှိတစ်ဦးက မဇ္ဈိမ ကို အတည်ပြုပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့မှ (ပ)၃/၂၀၁၅ ဖြင့် အမှုဖွင့်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

No comments: