မင်းမင်း
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုး ခတ်စဉ် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်အထိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများကြား ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခ အပေါ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူ သုံးဦးက ဇန်နဝါရီ ၁ရက်မှ စကာ ကွင်းဆင်းစစ်ဆေး နေပြီဖြစ်သည်။
စီမံကိန်းဧရိယာအတွင်း ပါဝင်သော လယ်ယာမြေများပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ခြံစည်းရိုးဝင်ခတ်ရာ မြေယာလျော်ကြေးရယူခြင်းမရှိသည့် ဒေသခံတောင်သူများက ကန့်ကွက်ခဲ့ခြင်းကြောင့် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့တို့က သေနတ်ပစ်ပြီး စနှိမ်နင်းခဲ့သဖြင့် မိုးကြိုးပြင်အလယ်ရွာမှ တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုအပေါ် လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။
ကွင်းဆင်းစစ်ဆေးနေသည့် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က “ဒေသခံတွေနဲ့တွေ့ပြီးပါပြီ။ ဒီနေ့ကတော့ ဒဏ်ရာရတဲ့သူနှစ်ယောက်နဲ့ တွေ့ပါတယ်။ မုံရွာပြည်သူ့ဆေးရုံမှာပါ။ အဲ့ဒီနေ့(ဒေါ်ခင်ဝင်း သေဆုံးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်)မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ပါတယ်။ စီမံကိန်းဘက်ကတော့ တာဝန်ခံတစ်ယောက်(မြန်မာနိုင်ငံသား)နဲ့ တွေ့ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ကော်မရှင်အနေဖြင့် တွေ့ရှိချက်များကို ဇန်နဝါရီ ၃ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး လက်ရှိတွင် တွေ့ရှိချက်၊ ထွက်ဆိုချက်များအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုရှိ၊ မရှိ မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ၎င်းက ငြင်းဆိုခဲ့သည်။
“မသုံးသပ်သေးပါဘူးခင်ဗျ။ ရဲဘက်ကပြောတာလည်း ကျွန်တော်တို့ ဖွင့်ပြောလို့မရသေးပါဘူး။ လောလော ဆယ်တော့ မပြောနိုင်သေးပါဘူး။ တွေ့ရှိချက်တွေတော့တွေ့ပါပြီ” ဟု ဒေါက်တာဥာဏ်ဇော်က ဆိုသည်။
ဒေါ်ခင်ဝင်းသေဆုံးမှုအပေါ် ဆားလင်းကြီးမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားပြီးဖြစ်သည်။
ဒေါ်ခင်ဝင်းသေဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ကို ဆက်သွယ်မေးမြန်းရာတွင် “ဖြစ်စဉ်လည်းမသိ၊ သတင်းအချက်လည်းမသိတော့ ကျွန်တော့အနေနဲ့ တစ်စုံတစ်ရာ မှတ်ချက်ပေးလို့မရပါဘူး။ သွားစစ်တဲ့အဖွဲ့ရောက်မှပဲ ကော်မရှင်အနေနဲ့ စဉ်းစား သုံးသပ်ရမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဒေါ်ခင်ဝင်းသေဆုံးမှုဖြစ်ပြီးနောက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆန္ဒပြတောင်းဆိုမှုများရှိခဲ့သလို ရန်ကုန်ရှိ တရုတ်သံရုံးအနီး လုံခြုံရေးစည်းကို ကျော်ဖြတ်ပြီး ဆန္ဒပြရန်ကြိုးစားသည့် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှ အပါအဝင် တက်ကြွလှုပ်ရှားသူအချို့ကို ဒီဇင်ဘာ ၃၀ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
No comments:
Post a Comment