Sunday, January 4, 2015

ကချင်ပါတီနှစ်ခုပူးပေါင်း၍ ကချင်အမျိုးသားကွန်ကရက်ပါတီအဖြစ် ရွေးကောက်ပွဲဝင်မည်

ဖနိဒါ

ကချင်ဒီမိုကရက်တစ်ပါတီနှင့် ကချင်အမျိုးသားများ ဒီမိုကရက်ပါတီ နှစ်ပါတီ ပူးပေါင်း၍ ကချင်အမျိုးသားကွန်ကရက် (KNC)ပါတီ အမည်ဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို မကြာမီရက်ပိုင်းအတွင်း ပါတီ မှတ်ပုံတင်သွားမည်ဟု ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဦးဂွမ်ဂေါင်အောင်ခမ်းက ပြောသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ စိန်ပတ်ထရစ်ခန်းမဆောင်တွင် ကျင်းပသော ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးညှိနှိုင်းဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) နှင့် ကချင်ပြည်နယ် အမျိုးသားဒီမို ကရေစီကွန်ဂရက်ပါတီ (KNCD) တို့ ထူထုဆန္ဒအရ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်ဟု အချက် ၄ ချက်ပါ ကြေငြာချက် ထုတ်ပြန်ခဲ့ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“ကချင်လူထုရဲ့ဆန္ဒအရ ကျွန်တော်တို့ ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကချင်လူထုက ကျွန်တော်တို့ ပါတီတွေကို ပူးပေါင်းဆောင်ရွက်ပြီးမှ တစ်ပါတီအဖြစ်ပဲ မြင်လိုတယ်။ သူတို့လည်းပဲ ဒါကို အားပေးချင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့လည်း ဒါကို လက်ခံတယ်။ ကချင်လူထုအကျိုးကို ဆောင်ရွက်ဖို့ ပါတီတွေ ပူးပေါင်းခြင်း ဖြစ်တယ်”ဟု သူက ပြောသည်။

KDP နှင့် KNCD ပါတီတို့သည် မိမိတို့၏ ပါတီအတွင်း ပုဂ္ဂိုလ်ရေးများကို အဓိကမထားဘဲ ကချင်ပြည်သူလူထု၏ သဘောဆန္ဒ အမှန်ဖြစ်သည့် ပါတီပေါင်းစည်းရေးကိုသာ အလေးအနက်ထားကာ ကချင်အမျိုးသားကွန်ကရက် (KNC) ခေါ်သော ကချင်နိုင်ငံရေးပါတီ အသစ်တစ်ရပ်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ကြောင်း ပြည်သူထုထုအား အသိပေးလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ပထမပတ်တွင် အဆိုပါ ပါတီခေါင်းဆောင်များက နေပြည်တော်သို့ သွားရောက်၍ ရွေးကောက်ပွဲ ကော်မရှင်ထံ နှစ်ပါတီ ပူးပေါင်း၍ ကချင်အမျိုးသားကွန်ဂရက်အမည်ဖြင့် ပါတီမှတ်ပုံတင်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်မည် ဖြစ်ကြောင်း ဦးဂွမ်ဂေါင်အောင်ခမ်းက ပြောသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် တစ်ခုလုံးရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ နိုင်ငံရေးပါတီများ ပူးပေါင်းရန်အတွက် ဖားကန့်မြို့နယ် အခြေစိုက် ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေးကော်မတီက ပထမဆုံးအကြိမ် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှ ယခုကဲ့သို့ နှစ်ပါတီ ပူးပေါင်းနိုင်ခဲ့သည်။

“ကျွန်တော်တို့ ကချင်ပါတီအားလုံး ပေါင်းဖို့ ကြိုးစားလာခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ လီဆူပါတီက မြန်မာတစ်နိုင်လုံး အတိုင်းအတာ ပြိုင်မယ်လို့ ပြောတဲ့အခါကြတော့ ပေါင်းစည်းဖို့ မပါနိုင်ဘူးလို့ ပြောခဲ့တယ်။ ထိုနည်းတူပဲ KSDP ကလည်း မပေါင်းစည်းနိုင်ဘူး၊ အချိန်မရှိတော့ဘူးဆိုပြီး အကြောင်းပြတယ်။ နောက်ဆုံးတော့ ကျန်တဲ့ နှစ်ပါတီဘဲပူးပေါင်းသွားတယ်။ ဘာပဲဖြစ်ဖြစ် ပူးပေါင်းသွားတယ်ဆိုရင် ကျေနပ်ပြီ။ ကျွန်တော်တို့ ဦးတည်ချက် အောင်မြင်တယ်လို့ပဲ ကျွန်တော်တို့ သတ်မှတ်ပါတယ်”ဟု ကချင်ပါတီများ ပူးပေါင်းရေးအတွက် ကြိုးပမ်းနေသည့် ကချင်ပြည်သူ့အသံ ဖော်ထုတ်ရေးကော်မတီ၏ ဥက္ကဋ္ဌ ဦလမောင်လတောင်က ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် ကချင်ပြည်နယ် အမျိုးသားဒီမို ကရေစီကွန်ဂရက်ပါတီ (KNCD)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ နှင့် လီဆူအမျိုးသား ဖွံ့ဖြိုးရေးပါတီ LNDP ပါတီ (၄) ပါတီအား ပေါင်းစည်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း နှစ်ပါတီသာ ပေါင်းစည်းနိုင်ခဲ့သည်။

ကချင်ပြည်နယ်တွင် အဆိုပါ ပါတီများ အပါအဝင် တိုင်းလိုင်(ခေါ်) ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (၅) ပါတီတို့ တရားဝင် တည်ထောင်ခွင့် ရရှိထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ပါတီကမူ ပါတီများ ပူးပေါင်းရန် အချိန်လုံလောက်မှု မရှိတော့သလို၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ပါတီများ ပူးပေါင်းရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

No comments: