Thursday, January 22, 2015

ဆွေသဟာကြောင့် အင်တာနက်လိုင်း ပိတ်ခြင်းအတွက် ပြန်လည်လျှောက်ထားသူ ရာကျော်အထိရှိ

မောင်မန်း

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ဖုန်းခေါ်ဆိုခ လျှော့ချပေးမည့် ဆွေသဟာ ဝန်ဆောင်မှုရယူပြီး ဝန်ဆောင်မှုမှ ပြန်လည်ထွက်ခွာပါက ကျပ်တစ်သောင်း ဝန်ဆောင်ခပေးပြီး ရယူထားသည့် အင်တာနက် လိုင်းပိတ်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့ လိုင်းပိတ်မှုအတွက် ပြန်လည်ဖွင့်လှစ်ပေးရန် လျှောက်ထားမှု ၁ဝဝ ကျော်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က မဇ္ဈိမကို ပြောသည်။

၎င်းက ''အင်တာနက် ဝန်ဆောင်မှု ပိတ်သွားတဲ့အတွက် ပြန်ဖွင့်ပေးဖို့ လျှောက်ထားလာတာ ရာဂဏန်း လောက်ပဲ ရှိပါတယ်။ ဒါတွေ အကုန်နီးပါး ပြန်ဖွင့်ပေးပြီး ပါပြီ'' ဟု ဆိုသည်။

ဆွေသဟာ အစီအစဉ်ကြောင့် အင်တာနက်လိုင်း ပိတ်ခြင်းများကို ပြန်လည်ဖွင့်လှစ်ရန် မြန်မာ့ဆက်သွယ် ရေး၏ အသုံးပြုသူ ဝန်ဆောင်မှုဌာန အော်ပရေတာနံပါတ် ၁ဝ၆ သို့ ဆက်သွယ် မေးမြန်းနိုင်သည်ဟု ၎င်း က ဆိုသည်။

''လိုင်းပိတ်တာတွေ ပြန်မလျှောက်ရသေးတဲ့ သူတွေနဲ့ အဆင်မပြေတာတွေရှိရင် အော်ပရေတာ နံပါတ် ၁ဝ၆ ကိုခေါ်ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်''ဟု ၎င်းက ဆိုသည်။

ဆွေသဟာ အစီအစဉ်ကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်ဝန်ဆောင်မှုပေးခဲ့ပြီး ယင်းအစီအစဉ်သို့ ဝင်ရောက် အသုံးပြုပါက တစ်မိနစ် ဖုန်းခေါ်ဆိုခ ၃၅ ကျပ်နှင့် မက်ဆေ့ခ်ျ တစ်စောင်လျှင် ၁၅ ကျပ်နှုန်း လျှော့ချသတ် မှတ်ခဲ့သော်လည်း အင်တာနက် အသုံးပြုခ 1MB လျှင် ၁၅ ကျပ်ကောက်ခံမှုကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ဖုန်းအသုံးပြုသူ တစ်ဦးက ''သူများတွေ တစ်မိနစ် ၂၅ ကျပ်နဲ့ ဝန်ဆောင်မှုပေးနေတာကို သူတို့က ဘာလို့မလျှော့နိုင်တာလဲ။ အင်တာနက် အသုံးပြုခ ဈေးကြီးနေလို့ ဝန် ဆောင်မှုထဲက ပြန်ထွက်တော့ တစ်သောင်းပေးပြီး ဖွင့်ထားတဲ့ အင်တာနက်က ပိတ်သွားတယ်။ တကယ် စေတနာရှိရင် ပြည်ပ အော်ပရေတာတွေနဲ့ တန်းတူဈေးလျှော့ချ ပေးပါ'' ဟု တောင်းဆိုလိုက်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ဝန်ဆောင်မှုပေးနေသည့် ပြည်ပမိုဘိုင်း အော်ပရေတာ ကုမ္ပဏီများက တစ်မိနစ် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်ဖြင့် ဝန်ဆောင်မှုပေးနေသော်လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ဆွေသဟာ ဝန်ဆောင်မှု ရယူထားမှသာ တစ်မိနစ် ၃၅ ကျပ်ဖြင့် ပြောဆိုနိုင်မည်ဖြစ်ပြီး ရယူထားခြင်း မရှိပါက ကျပ် ၅ဝ ကျသင့်နေဆဲ ဖြစ်သည်။

No comments: