ကွန်းချမ်း
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အမေရိကန်ဒေါ်လာ ၁၂ သန်း ရင်းနှီးမြှုပ်နှံမည့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း တစ်ခုတည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် ဆွေးနွေးပြီးဖြစ်ကာ ယခုနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဟု အပန်းဖြေစခန်း ဆောင်ရွက်မည့် ကုမ္မဏီဖြစ်သော Aurun Company Limited မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဌေးသွင်က ပြောသည်။
“ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၁၂ သန်း လျာထားပါတယ်။ အခြေအနေအပေါ် မူတည်ပြီးတော့ ထပ်တိုးချဲ့သွားဖို့ ရှိပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ လမ်းညွှန်ချက်တွေနဲ့ ဆောင်ရွက်သွားမှာပါ” ဟု ဦးဌေးသွင်က ပြောသည်။
စီမံကိန်းဧရိယာသည် ရေးမြို့ တောင်ဘက် ၁၇ မိုင်ခန့်ကွာဝေးသည့် ကဗျာဝကျေးရွာအနီးမှ ခေါဇာမြို့တောင်ဘက် မန်ကျည်းချောင်းဝထိ အရှည် ၈ မိုင်ခန့်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်ဖြစ်ပြီး အဆင့်မြင့်အခန်းပေါင်း ၁၂၀ အပါအဝင် ဘန်ဂလိုများ၊ ဧည့်ခန်း၊ စားသောက်ခန်းများ၊ ရေကူးကန်များ၊ ဟိုတယ်ရုံးခန်းများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကားရပ်နားရန် နေရာများ ပါဝင်မည်ဟုလည်း ၎င်းက ဆိုသည်။
စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလမှ စတင်စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့ပြီး ဇူလိုင်လတွင် တွေ့ရှိမှု အစီရင်ခံစာကို ပြည်နယ်အစိုးရသို့ တင်ပြကာ သက်ဆိုင်ရာဝန်ကြီးများနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
စီမံကိန်းနှင့်အတူ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက် လမ်းများ အဆင့်မြှင့်တင်ရေး၊ အဆင့်မီ ကျန်းမာရေးဌာန၊ ကျေးလက် စာကြည့်တိုက်၊ ဒေသခံများ ပါဝင်ရောင်းချနိုင်မည့် အဆင့်မြင့်ဈေးနှင့် ဒေသတွင်း ခရီးသည်တင် ယာဉ်လိုင်းငယ် ပြေးဆွဲနိုင်ရေး စသည်တို့ကိုလည်း ဆောင်ရွက်သွားမည်ဟု ဦးဌေးသွင်က ပြောသည်။
အဆိုပါ စီမံကိန်းအပေါ် ရေးမြို့နယ်တာဝန်ခံ၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင်က “ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ အတွက် ပြည်နယ်အစိုးရအနေနဲ့ ဒီစီမံကိန်းကို အားပေးပါတယ်။ တတ်နိုင်တဲ့ဘက်က ကူညီပေးသွားဖို့ ရှိပါတယ်” ဟု ပြောသည်။
ကနဦး ရင်းနှီးမြှုပ်နှံမှုမှ ရလဒ်ကောင်းများ ရရှိလာပါက အထပ်မြင့် အဆောက်အဦးများ၊ သဘာဝ ခရီးသွားလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပင်လယ်ကမ်းခြေ သုတေသနလုပ်ငန်းများ၊ မီးခိုးတိတ် အစိမ်းရောင်စက်ရုံ အလုပ်ရုံ အစုအဖွဲ့ဇုန်များနှင့် ဒေသခံ တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု Aurun Company Limited က ပြောကြားထားသည်။
ကဗျာဝကမ်းခြေသည် ကြည်လင်သည့် ပင်လယ်ရေရှိပြီး မွန်ပြည်နယ်အတွင်း အလှပဆုံးကမ်းခြေတစ်ခု ဖြစ်သော်လည်း ယခင်က လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်းနှင့် အေးချမ်းမှုမရှိသည့်အတွက် လူသိနည်းခဲ့သည်။
ထိုဒေသသည် အစိုးရတပ်နှင့် မွန်လက်နက်ကိုင်အဖွဲ့ငယ်များ လှုပ်ရှားရာဒေသဖြစ်ပြီး ၂၀၀၀ ခုနှစ် ဝန်းကျင်က မြန်မာပြည် တောင်ပိုင်းတွင် လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံးဒေသ ဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
No comments:
Post a Comment