Saturday, January 3, 2015

ကန့်ကွက်မှုများရှိသော်လည်း မနောပွဲကျင်းပမည်

ကေဇူး

ကန့်ကွက်မှုများ ရှိသော်လည်း ကချင်ပြည်နယ် မနောပွဲကို ဇန်နဝါရီ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပရန် အတည်ပြုပြီးဖြစ်သည် ဟု မနောပွဲကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးဇေလွမ်းက ပြောသည်။

မနောပွဲကျင်းပရေးကို ကန့်ကွက်လျက်ရှိသော ကချင်လူမှုအဖွဲ့အစည်းများကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ဇန်နဝါရီ ၁ ရက်တွင် တွေ့ဆုံပြီး မနောပွဲကျင်းပမှုတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့သည် ဟု ကချင်လူငယ် အဖွဲ့ဝင် ကိုဂွန်ဂျာနော်က ပြောသည်။

ယခုကျင်းပမည့် မနောပွဲသည် ကချင်ပြည်နယ် အစိုးရသက်တမ်းအတွင်း ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် မနောပွဲဖြစ်ပြီး(၆၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အား ဂုဏ်ပြုသည့်အနေဖြင့်လည်း ပြုလုပ်ခြင်းဖြစ်သည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင် ကျင်းပရန် ပြင်ဆင်နေသည့် မနောပွဲကို ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် ရန်ကုန်ရောက် ကချင်အဖွဲ့အစည်းများကလည်း ကန့်ကွက်ထားထားသည်။

ကချင်ရိုးရာ မနောပွဲသည် အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ပေါင်းစည်းခြင်း အဓိပ္ပာယ်ဆောင်သော်လည်း လက်ရှိတွင် ပြည်နယ်အတွင်း၌ စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နယ်မြေအေးချမ်း တည်ငြိမ်မှု မရှိခြင်းကြောင့် မနောပွဲမကျင်းပရန် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ကချင်ဒေသခံ ပြည်သူလူထု တစ်သောင်း ကျော် လက်မှတ်ရေးထိုးကာ ပြည်နယ်အစိုးရသို့ ကန့်ကွက်ကြောင်းတင်ပြခဲ့သော်လည်း ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။

“မနောပွဲဆိုတာ အောင်ပွဲခံတဲ့ ပွဲဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ပစ်ခံတာတွေ ပြန်ကြားနေရတယ်၊ ဒုက္ခသည်တွေ သောင်းနဲ့ ချီပြီးရှိနေတဲ့ အချိန်မှာ ဒီလို အောင်ပွဲခံတဲ့ ပွဲမျိုး မကျင်းပသင့်ဘူးလို့ ထင်ပါတယ်။ ကချင်ပြည်သူလူထု ကစားစရာမရှိ ငတ်ပြတ်နေတဲ့ အချိန်မှ ကချင်ပြည်နယ် အစိုးရက ငွေသိန်းပေါင်း ထောင်ချီပြီး ဒီလို ခမ်းနားတဲ့ ပွဲကို ဘာကြောင့်လုပ်မှာလဲပေါ့” ကရင်လူငယ်ကွန်ရက် မမိုင်းနီက ပြောသည်။

သို့သော် “ကချင်လူထုအတွက် လုပ်တာဖြစ်တယ် ကချင်ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်တဲ့ပွဲဖြစ်တဲ့အတွက် လူထုက ကြိုဆိုပါတယ်”ဟု ဦးဇေလွမ်းကပြောသည်။

“ကျွန်တော်တို့ ဘက်ကလည်း ကန့်ကွက်တာကို လက်မလျော့ဘူး၊ ဝန်ကြီးချုပ်ကလည်း သူတို့ဘက်က ပြင်ဆင်ပြီးသားဖြစ်တဲ့အတွက် မဖြစ်မနေဆက်လုပ်မယ်ဆိုတာကိုပြောတယ်၊ ကျွန်တော်တို့က တော့ ပူးပေါင်းပါဝင်မှာမဟုတ်ပါဘူး” ဟု ကိုဂွန်ဂျာနော်က ပြောသည်။

ကချင်မနောပွဲကျင်းပရေးအတွက် ကချင်ပြည်နယ် အစိုးရက ဦးစီးကျင်းပခြင်းဖြစ်ပြီး ၎င်းပွဲတော်ကျင်းပပါက
ငွေကျပ်သိန်းပေါင်း ထောင်ချီကုန်ကျမည်ဟု လည်းဆိုသည်။ ကချင်ပြည်နယ်မနောပွဲကို ၂၀၁၀ ခုနှစ်က နောက်ဆုံးအကြိမ်ကျင်းပခဲ့ပြီး တစ်ကျော့ပြန်စစ်ပွဲများကြောင့် ရပ်နားထားခဲ့ရာ လေးနှစ်ကျော်အကြာတွင် ပြန်လည်ကျင်းပရန် ပြင်ဆင်ခြင်းဖြစ်သည်။

No comments: