Thursday, January 1, 2015

ပါမစ်လျှောက်နောက်ကျသည့် ကားအရောင်းစင်တာများ သက်ဆိုင်ရာဌာနသို့ အကူအညီတောင်းခံထား

ထင်လင်းအောင်

ကားတင်သွင်းခွင့်ပါမစ် လျှောက်လွှာတင်သွင်းရန် သတ်မှတ်ရက် နောက်ကျခဲ့သည့် ကားအရောင်း စင်တာများအတွက် ပါမစ်ရရှိရန် သက်ဆိုင်ရာဌာနများထံ အကူအညီတောင်းခံခြင်းကို မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း MAMDA က ဆောင်ရွက်ခဲ့သည်ဟု အသင်းတာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ကားတင်သွင်းခွင့် ပါမစ်လျှောက်လွှာ တင်သွင်းရန် ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံးထား သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တင်သွင်းရန် နောက်ကျသည့် ကားအရောင်း စင်တာများအတွက် MAMDA အသင်းများ ကိုယ်စားအသင်းသည် သက်ဆိုင်ရာဌာနများထံ အကူအညီ တောင်းခံပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အကူအညီတောင်းခံရာတွင် ကားအရောင်းစင်တာများမှ တင်ပြလာခဲ့သည့် လျှောက်လွှာအစောင်ရေ ခြောက်စောင် ရှိခဲ့သည်ဟု အဆိုပါအသင်း၏ တာဝန်ရှိသူက ပြောသည်။

MAMDA အသင်း၏ ပြန်ကြားရေး တာဝန်ခံဖြစ်သူ ဦးမိုးကျော်စွာက “အသင်း သားတွေ တင်ပြလာတဲ့ ပါမစ်အရေအတွက် က ခြောက်စောင်လောက် ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာဌာနကို ဒီဇင်ဘာ ၂၉ ရက်မှာ တင်လိုက်ပါပြီ” ဟု ပြောသည်။

အသင်းက အကူအညီ တောင်းခံပေးရာတွင်လည်း ဆိပ်ကမ်းရောက်ရှိကာ ဆိပ်ကမ်း ထုတ်ယူထားပြီးသော ကားများအတွက် လျှောက်ထား မည့်ပါမစ်များကိုသာ ကူညီပေးခဲ့ခြင်းဖြစ်ပြီး ဆိပ်ကမ်းမှ ထုတ်ယူနိုင် ခြင်းမရှိသေးသောကားများအတွက် ပါဝင်ခဲ့ခြင်းမရှိဟု ၎င်းက ဆိုသည်။

ဦးမိုးကျော်စွာက “တင်သွင်းရက် နောက်ကျလို့ အသင်းက ညှိနှိုင်းပေးတယ်ဆိုတာကလည်း Show Room ပါမစ် တစ်ခုတည်း အတွက် ဖြစ်ပါတယ်။ တခြား ပါမစ်တွေအတွက် လုပ်ပေးခဲ့တာ မဟုတ်ပါဘူး။ အဲဒါတောင် တကယ်ရနိုင်တယ်ဆိုတာ မသေချာပါဘူး။ အကူအညီတောင်း ညှိနှိုင်းပေးကြည့်မယ်ဆိုတဲ့ သဘောနဲ့ အသင်းသားတွေအတွက် လုပ်ပေးတာပါ” ဟု ပြောသည်။

မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီသည် ကားတင်သွင်းခွင့် လိုင်စင်လျှောက်ထားရာ၌ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းအထိ လိုင်စင်ကျခြင်းမရှိဘဲ ဆိပ်ကမ်းရောက်ထားသည့် ကားများကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူသွားရန် ထုတ်ပြန်ထားသည်။

သို့သော် လျှောက်လွှာ နောက်ကျသူများကြောင့် တစ်စုံတစ်ရာ အရေးယူသွားမည်ဟု ထုတ်ပြန်ခြင်းများကို ဒီဇင်ဘာ ၂၉ ရက်အထိ ဆောင်ရွက်ခြင်း မရှိသေးပေ။

ရန်ကုန်တိုင်းအစိုးရသည် ရန်ကုန်တိုင်းအတွင်း နေထိုင်သူများကို ကားတင်သွင်းပါ က ကားရပ်နားနေရာရှိ သူများကိုသာ တင်သွင်းခွင့် ပေးသွားမည်ဟုလည်း ထုတ်ပြန် ထားသည်။ ထိုသို့ ရန်ကုန်တိုင်း အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့၏ ပြောင်းလဲလိုက်သော လုပ်ထုံးလုပ်နည်းများကြောင့် ပြည်တွင်းကား ဈေးကွက်အတွင်း၌ ကားအရောင်း အဝယ် အေးစက်လျက် ရှိနေသည်။

No comments: