Sunday, January 25, 2015

လားရှိုးမြို့တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင်ကျောက်စိမ်းများ တစ်ရက်အတွင်း ဖမ်းမိ

ကျော်စိုးမိုး

လားရှိုးမြို့တွင်းရှိ နေအိမ်များမှ မူးယစ်ဆေးဝါနှင့် တရားမဝင် ကျောက်စိမ်းဖြတ်စများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ဇန်နဝါရီ ၁၇ ရက်တစ်ရက် အတွင်းဖြစ်ပွားခဲ့သည်ဟု လားရှိုးမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ဖြစ်စဉ်များမှာ ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်တွင် လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့ဝင်များသည် သတင်းအရ လားရှိုးမြို့နယ်၊ နယ်မြေ (၄)၊ (၇) ရပ်ကွက်၊ ရန်ကင်းလမ်းတွင် နေထိုင်သည့် ကိုထွန်းထွန်း၏ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းနှင့် ခြံဝန်းအတွင်းမှ စိတ်ကြွဆေးပြား အပြား ၁၆၀၊ ဘိန်းဆီခဲ ဟု ယူဆရသည့် ၃၄ ဂရမ်ခန့်ရှိသည့် အမဲရောင်အခဲ၊ ကျောက်စိမ်းဖြတ်စ ၂၁၅ တုံး၊ အလေးချိန် ၃၂၁ ကီလို သိမ်းဆည်း ရမိခဲ့သည်။

ထို့ပြင် အဆိုပါနေ့နံနက် ၁၀ နာရီခွဲခန့်က လားရှိုးမြို့နယ်၊ နယ်မြေ ၁၉၊ ၅ ရပ်ကွက်တွင် နေထိုင်သည့် တရုတ် လူမျိုးနှစ်ဦး နေထိုင် သည့် နေအိမ်အတွင်းမှ ပန်းရောင် စိတ်ကြွဆေးပြား ၅၈၅၀ ပြား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူးထွန်လွင်က "တရုတ်လူမျိုး နှစ်ယောက်ကို စစ်ဆေးချက်အရ ကွင်းဆက်ကျူးလွန်သူ တစ်ယာက် ရှိပါသေးတယ်၊ သူ့ကိုဖမ်းမိဖို့အတွက် စုံစမ်းဆောင်ရွက်နေပါတယ်" ဟု ပြောသည်။

လာရှိုးမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေမှုများ လျော့နည်း ပပျောက်ရေးအတွက် စီမံချက်များချမှတ်ပြီး ပြည်နယ်၊ ခရိုင်နှင့် မူးယစ်တပ်ဖွဲ့များ ပူးပေါင်း၍ ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကိုထွန်းထွန်းကို လားရှိုးမြို့မရဲစခန်းက မူးယစ် (ပ) ၁၁/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)၊ ကျောက်မျက်ဥပဒေအရ (ပ) ၁၆/၂၀၁၅၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂ (က)၊ အမှုဖွင့် စစ်ဆေးနေပြီး၊ တရုတ်လူမျိုး နှစ်ဦးကို မူးယစ်(ပ) ၁၂/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်ဟု စခန်းမှူးကဆိုသည်။

No comments: