ခင်မြတ်မြတ်ဝေ
ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့သည့် စည်ပင်ရွေးကောက်ပွဲ၌ ရွှေပြည်သာမြို့နယ်အတွင်း ကြက်ခြေနီတပ်ဖွဲ့ဝင်က မဲလာထည့်သူ၏ မျက်နှာကို ခေါင်းဖြင့် ဆောင့်သဖြင့် မဲထည့်သူက ရွှေပြည်သာတရားရုံးတွင် ဒီဇင်ဘာ ၃၁ ရက်က ဦးတိုက်လျှောက် ထားခဲ့သည်ဟု ကာယကံရှင်၏ ဇနီးဖြစ်သူ မနီနီအေးက မဇ္ဈိမကို ပြောသည်။
ယင်းအမှုကို ရွှေပြည်သာ ရဲစခန်းမှ ရဲရေးမပိုင်သည့် အမှုဖြစ်နေ၍ တရားရုံးကိုသာ ဦးတိုက်လျှောက်ထားခိုင်းခဲ့ခြင်း ဖြစ်သည် ဟု ရွှေပြည်သာမြို့နယ် လှော်ကား ရဲစခန်းမှ တပ်သား ညီညီထွေးက မဇ္ဈိမကို ပြောသည်။
ရွှေပြည်သာမြို့နယ်တွင် ဒီဇင်ဘာ၂၇ ရက်က (ထ၊၁၆)ရပ်ကွက်ရှိ မဲရုံတွင် မဲလာထည့်သူမှ မဲပေးခွင့်မရသောကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအား သွားရောက်မေးမြန်းသည်ကို ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးက ရှင်းပြမည်ဟုဆိုကာ ခေါ်၍ မျက်နှာကို ခေါင်းဖြင့်တိုက်၍ အချင်းများခဲ့ရခြင်း ဖြစ်သည်။
"အဲ့နေ့က ကျွန်မမဲသွားပေးတာပါ။ မဲစာရင်းထဲမှာ မပါလို့တဲ့ မဲမပေးခဲ့ရဘူး။ အဲဒါနဲ့ ည၈နာရီမှာ ကျွန်မခင်ပွန်း ကိုတင်ထွန်းနဲ့ အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသွားမေးတဲ့အခါမှာ ဆယ်အိမ်မှူးက ရှင်းပြမယ်ဆို ထအလာမှာ ကြက်ခြေနီဝန်ထမ်း ဦးခင်လှိုင်က ထလာပြီး ကျွန်တော်ရှင်းပြမယ်ဆို ကိုတင်ထွန်း ပခုံးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး မျက်နှာကို ခေါင်းနဲ့ဆောင့်လိုက်တာ ညာမျက်ခုံးကွဲ မျက်ကွင်း ညိုသွားပါတယ်" ဟု မနီနီအေးက ရှင်းပြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ စုံစမ်းစစ်ဆေးကာ အရေးယူသွားမည်ဟု အသင်းမှ အမှုဆောင် ညွှန်ကြားရေး မှူး ဦးခင်မောင်လှက မဇ္ဈိမကို ပြောသည်။
"ကြက်ခြေနီတွေကို မဲရုံမှာစောင့်ခိုင်းတယ်ဆိုတာ သက်ဆိုင်ရာ မဲရုံတွေမှာ မဲထည့်တဲ့သူတွေ ကျန်းမားရေး စောင့်ရှောက်ဖို့ထားတာပါ။ အခုရွေပြည်သာ မဲရုံတစ်ခုမှာ ပြဿနတက်တယ်။ အရပ်သားတစ်ဦးနဲ့ ပြဿနာတက်တယ်။ အခု ကျွန်တော်တို့လည်း စုံစမ်းနေတယ်။ သေချာ မသိသေဘူး။ အပြစ်ရှိရင် အသင်းအဖွဲ့က ထုတ်ပယ်သွားမယ်" ဟု အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်လှက ပြောသည်။
မြန်မာကြက်ခြေနီ အသင်းသည်အသင်း၏ အခြေခံမှုများတွင် နိုင်ငံ၏ အရံအင်းအားအဖြစ် ရပ်တည်ဆောင်ရွက်နေသည့်အတွက် ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေး ကိစ္စများတွင် မပါဝင်ရန် မြန်မာကြက်ခြေနီအသင်းမှ ဒီဇင်ဘာ၂၉ ရက်က ထုတ်ပြန်လိုက်သည်။
No comments:
Post a Comment