ဖနိဒါ
လက်ပံတောင်းစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့ (ONSOB) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအစိုးရ၏ အကြမ်းဖက်ဖြေရှင်းမှုကို ဆန့်ကျင်ဆန္ဒပြမည့် အစီအစဉ်ကို ထိုင်းအစိုးရက ခွင့်မပြုသဖြင့် အစီအစဉ် ဖျက်သိမ်းလိုက်ရသည်ဟု ONSOB ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်သန်းဦးက မဇ္ဈိမကို ပြောသည်။
ဒီဇင်ဘာလ ၃၁ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် တရုတ်သံရုံးရှေ့တို့တွင် ပြည်ပရောက် အမျိုးသား ကျောင်းသားများ အဖွဲ့ (ONSOB) အဖွဲ့ဝင် ၂၀ ဦးက ဆန္ဒဖော်ထုတ်ရန် နယ်မြေခံ စစ်တပ်အား ကြိုတင် ခွင့်ပြုချက် ရယူခဲ့သည်ကို ထိုင်းစစ်တပ်က ပယ်ချလိုက်ခြင်း ဖြစ်သည်။
“ကြိုတင်ခွင့်တောင်းထားတယ်။ ပြောတဲ့အဖွဲ့က နယ်မြေခံ ရဲကိုပဲ ပြောထားတာ။ စစ်တပ်ကို ကြိုတင်မပြောထားဘူး။ အဲတော့ သူတို့အနေနဲ့ ခွင့်မပြုဘူး။ လုပ်မယ်ဆိုရင် နှစ်ကူးပြီးမှ လုပ်ပါပေါ့။ အဲဒီအချိန်မှ ခွင့်ပြုတယ်ပေါ့။ နောက် သူတို့ ဝန်ထမ်းတွေလည်း နားတဲ့အချိန်၊ အဲဒါမျိုးပြန်ထောက်ပြတယ်”ဟု ကိုအောင်သန်းဦးက ပြောသည်။
လက်ပံတောင်းစီမံကိန်းကြောင့် အစိုးရက ပြည်သူလူထုထံမှ လယ်မြေများ သိမ်းယူခဲ့သည့်အပြင် စီမံကိန်းကို ကန့်ကွက်ဆန္ဒပြ သည့် ဒေသခံ တောင်သူများကိုလည်း အကြမ်းဖက်နည်းဖြင့် ဖြေရှင်းမှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဟု ONSOBက ရှုမြင်၍ စီမံကိန်းအကောင်အထည်ဖော်သည့် ကုမ္ပဏီသည် တရုတ်ကုမ္ပဏီဖြစ်၍ တရုတ်သံရုံးရှေ့နှင့် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“သူတို့(ပြည်သူ)တွေ ရိုးသားစွာ ဆန္ဒဖော်ထုတ်တာလည်း အကြမ်းဖက် ဖြေရှင်းတယ်ဆိုတာက လူ့အခွင့်အရေး ချိုးဖောက်သွားပြီ၊ နောက်တချက်က စစ်တပ်နဲ့ ပြည်သူ ရန်သူမဟုတ်ဘူး။ ဒီလိုဖြေရှင်းတယ်ဆိုတာ ဥပဒေမှာရော။ ကမ္ဘာ ဥပဒေမှာရော လုံးဝ ချိုးဖောက်တယ်။ ကျွန်တော်တို့ လုံးဝ လက်မခံဘူးဆိုတာကို ဆန္ဒဖော်ထုတ်တာပေါ့”ဟု သူက ဆက်ပြောသည်။
လက်ရှိတွင် လက်ပံတောင်း စီမံကိန်း အကောင်အထည်ဖော်နေသည့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၌ ဒေသခံတောင်သူ များနှင့် ဒေသအာဏာပိုင်များ၊ ကုမ္ပဏီတို့အကြား သဘောထား တင်းမာလျက်ရှိသည်။ ကုမ္ပဏီက လျော်ကြေးငွေ ယူမထား သည့် မြေယာများပေါ်တွင် ခြံစည်းရိုးခတ်နေသဖြင့် ဒေသခံများက ဒီဇင်ဘာ ၂၂ရက်မှ စတင်ကာ ကန့်ကွက်ဆန္ဒပြနေသည်။ ကန့်ကွက်သူများကို လုံခြုံရေးရဲများက နှိမ်နင်း၍ ပဋိပက္ခဖြစ်ကာ တစ်ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရထားသည်။ ဒီဇင်ဘာ ၃၀ရက်တွင် ဒေသခံများက ကုမ္ပဏီက ကာရံနေသည့် ခြံစည်းရိုးများခတ်ကာ မြို့ပိုင်မြေသတ်မှတ်၍ ခြံစည်းရိုးသစ် ခတ်လျက်ရှိသည်။ ထိုဒေသခံ ၇၀ဦးကိုလည်း ဆားလင်းကြီးမြို့နယ် ရဲစခန်းက ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးက လာရောက်ညှိနှိုင်းသော်လည်း ပြေလည်မှု မရခဲ့ပေ။
ထို့ပြင် လက်ပံတောင်းအရေးအတွက် ရန်ကုန်၊ မန္တလေး၊ ပြည်မြို့တို့တွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ရန်ကုန်တွင် ဆန္ဒပြခေါင်းဆောင် အချို့ကို ဖမ်းဆီးထားပြီး ပြည်မြို့တွင်မူ အမှုဖွင့်ခံထားရသည်။
လက်ပံတောင်းစီမံကိန်းအား ကန့်ကွက်ကာ သပိတ်စခန်းဖွင့်သည့် သံဃာများနှင့် ဒေသခံ လူထုကိုလည်း ၂၀၁၂ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ဒေသအာဏာပိုင်များက အကြမ်းဖက်ဖြေရှင်းခဲ့၍ သံဃာ ၈၀ကျော် နှင့် ဒေသခံအချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့သေးသည်။
No comments:
Post a Comment