ထင်လင်းအောင်
အစိုးရသတင်းစာများ၏ စာမျက်နှာတိုးချဲ့ ထုတ်ဝေလာခြင်းက ရပ်တည်ရန်ခက်ခဲနေသည့် ပုဂ္ဂလိက သတင်းစာများအတွက် ပိုမိုဆိုးရွားသည့် လမ်းကြောင်းကို တွန်းပို့ရာရောက်နေသည်ဟု ပုဂ္ဂလိက သတင်းစာ ထုတ်ဝေရေးလုပ်ကိုင်သူ အသိုင်းအဝိုင်းမှ တာဝန်ရှိသူများက ဆိုလာသည်။
အစိုးရသတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများကို ယခင် ၂၄ မျက်နှာ ထုတ်ဝေခဲ့ရာမှ ကြေးမုံသတင်းစာက ယခု ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ရက်မှ စတင်ကာ ၃၂မျက်နှာသို့ တိုးချဲ့ထုတ်ဝေခဲ့ပြီး မြန်မာ့အလင်းသတင်းစာကလည်း ဇန်နဝါရီ ၄ရက်မှ စကာ ၃၂မျက်နှာ တိုးချဲ့ထုတ်ဝေလိုက်ခြင်းကို ပုဂ္ဂလိက သတင်းစာ အသိုင်းအဝိုင်းက ဇန်န၀ါရီ ၄ ရက်တွင် ထောက်ပြပြောကြခြင်းဖြစ်သည်။
လက်ရှိတွင် ပုဂ္ဂလိကသတင်းစာများသည် စာဖတ်သူဦးရေနည်းပါးသည့် ဈေးကွက်အခြေအနေနှင့် ကြော်ငြာရရှိမှု နည်းပါးခြင်း အပါအဝင် အခြေအနေအချို့ကြောင့် ရပ်တည်ရန် ခက်ခဲနေခြင်းဖြစ်သည်။ ၎င်းအခြေအနေတွင် အစိုးရသတင်းစာများက လုပ်ငန်းတိုးချဲ့လာခြင်းက ပုဂ္ဂလိကသတင်းစာလုပ်ငန်းများ ရှင်သန်ရေးကို အနှောက်အယှက် ပေးသကဲ့သို့ ဖြစ်နေသည်ဟု The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။
“လက်ရှိက ပုဂ္ဂလိသတင်းစာတွေ ရပ်တည်ဖို့ အရမ်းခက်ခဲနေတဲ့ အချိန်ပါ။ ဒီအချိန်မျိုးမှာ အစိုးရက ထပ်ပြီးတိုးချဲ့ လာတော့ ပုဂ္ဂလိကသတင်းစာတွေကို ရှင်သန်မှုအခက်အခဲကို ပိုဆိုးဖို့ တွန်းပို့သလိုဖြစ်နေတယ်။ နိုင်ငံတကာမှာလည်း အစိုးရသတင်းစာဆိုတာ မရှိတော့တဲ့အတွက် မြန်မာနိုင်ငံမှာလည်း မရှိစေချင်တော့ဘူး”ဟု ဦးကျော်မင်းဆွေက မှတ်ချက် ပေးပြောကြားသည်။
အစိုးရသစ်လက်ထက်တွင် ပုဂ္ဂလိကသတင်းစာ ၃၁ စောင် ထုတ်ဝေခွင့်ပြုခဲ့သည့်အနက် ၁၅ စောင်သာ ထုတ်ဝေ လာခဲ့သည်။ ယင်းအနက် Daily Eleven၊ 7 Day၊ The Voice၊ စံတော်ချိန်၊ Democracy Today ၊ Mizzima (မဇ္ဈိမ)၊ Messenger၊ ပြည်ထောင်စုနေ့စဉ် စသည့် ပုဂ္ဂလိက သတင်းစာ ၉ စောင်ခန့်သာ ဈေးကွက်တွင် ဆက်လက် ထုတ်ဝေနိုင်တော့ခြင်းဖြစ်သည်။ ရွှေနိုင်ငံသစ်နှင့် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ အပါအဝင် အခြားသတင်းစာအချို့မှာ လုပ်ငန်းရပ်နားခဲ့ရပြီးဖြစ်သည်။
ပုဂ္ဂလိက သတင်းစာများသည် အစိုးရသတင်းစာများနှင့် နှိုင်းယှဉ်ပါက ပုံနှိပ်ထုတ်ဝေမှုစရိတ်၊ ဈေးကွက်ဖြန့်ချိရေး စရိတ်များကြီးမြင့်သည့် အနေအထားများကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတင်းစာဖြန့်ချိရောင်းချနိုင်ရန် ပို့ဆောင်ရေး အခက်အခဲများလည်း ရှိနေသဖြင့် အစိုးရသတင်းစာများနှင့် ဈေးကွက် ယှဉ်ပြိုင်ရန် အခက်အခဲရှိနေခြင်းဖြစ်သည်။ အစိုးရအနေဖြင့် နိုင်ငံတော်ဘတ်ဂျက်မှ အသုံးပြု ဆောင်ရွက်နေခြင်းကြောင့် ပုဂ္ဂလိကရင်း နှီးမြုပ်နှံသူများထက် အားသာချက်များစွာရှိနေသည်ဟု ဆိုသည်။
7Day သတင်းစာအယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းက “အစိုးရက အစောင်ရေအများဆုံး ဖြစ်နေတာကို စာမျက်နှာလည်း တိုးထုတ်လာတော့ ပုဂ္ဂလိကအတွက် ဖိအားက ပိုကြီးလာတယ်။ ပိုပြီးခက်ခဲလာတယ်။ ဒါပေမယ့် ဘက်မျှတဲ့သတင်း တွေအတွက် ထည့်နိုင်ဖို့ ဆိုရင်တော့ ပြည်သူအတွက် အကျိုးရှိပါတယ်။ မဟုတ်ဘဲနဲ့ ဝါဒဖြန့်ပုံစံနဲ့ ဆက်သွားပြီး တိုးချဲ့တာ ဆိုရင်တော့ ဒါဟာလုံးဝ အကျိုးရှိမှာမဟုတ်ဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို ယခင်တပ်မတော်သား အစိုးရ လက်ထက်ကပင် ဖော်ဆောင်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင်သာ အနည်းငယ် ပီပြင်မှုရှိလာခြင်းဖြစ်သည်။ သို့ရာတွင် ဗဟိုချုပ်ကို ရှိနေခြင်းနှင့် ဈေး ကွက်အပေါ် လွတ်လပ်၍ ဘက်မျှသည့်ယှဉ်ပြိုင်မှု အားနည်းနေလျက်ရှိနေသည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။
7 Day သတင်းစာ အမှုဆောင်အယ်ဒီတာ ဦးအားမာန်က “အရင်ကထက် ရှစ်မျက်နှာကို တိုးပြီးထုတ်လာတယ် ဆိုတာက ပုဂ္ဂလိကသတင်းစာကို အစိုးရက ပြိုင်ဘက်အနေနဲ့ သဘောထားလိုက်သလိုပါပဲ။ ပုဂ္ဂလိက သတင်းစာတိုး တက်ရေးအတွက် လုပ်ရမှာကို နည်းနည်းတော့ လွဲနေသလိုလည်းဖြစ်နေတယ်”ဟု သုံးသပ်ကာ မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် ပုဂ္ဂလိက သတင်းစာတစ်စောင်၏ ပုံနှိပ်ခြင်းနှင့် သတင်းစက္ကူတန်ဖိုးတို့၏ ထုတ်ဝေရေး စရိတ်တစ်ခုတည်းပင် ကျပ် ၁၅၀မှ ၂၅၀ အကြားပျှမ်းမျှ ကုန်ကျနေခြင်းဖြစ်သည်။ သို့ရာတွင် ဈေးကွက်အတွင်း ကျပ် ၁၀၀ နှင့် ၂၀၀ ဈေးနှုန်းများဖြင့် ရောင်းချနေရသဖြင့် အဆုံးများဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့အတူ အခြားသော ဝန်ထမ်းစရိတ်များနှင့် လုပ်ငန်းလည်ပတ်ရေး စရိတ်များကြောင့် ပုဂ္ဂလိကသတင်းစာများ အနေဖြင့် ရပ်တည်ရန် အခက်အခဲများ ရှိနေခြင်းဖြစ်သည်။
No comments:
Post a Comment