Thursday, January 1, 2015

ပြည်သူမသိသော ရွှေးကောက်ပွဲဖြစ်မည်ဆိုက မျှတမည်မဟုတ်ဟု ဦးတင်ဦးဆို

ကေဇူး

ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ကော်မတီ အဆင့်အဆင့် ရွေးကောက်ပွဲကဲ့သို့ ပြည်သူလူထု မသိသော နားမလည်သော အခြေအနေတွင်ရှိပါက ၂၀၁၅ ရွေးကောက်ပွဲသည် မျှတသော ရွေးကောက်ပွဲ ဖြစ်မည်မဟုတ်ဟု NLD ပါတီ နာယက ဦးတင်ဦးက ပြောကြားလိုက်သည်။

ရန်ကုန်စည်ပင် ရွေးကောက်ပွဲသည် ပြည်သူလူထု နားလည်အောင် ရှင်းပြနိုင်ခြင်း မရှိသလို လူထုပါဝင်မှု အားနည်းခြင်းကြောင့် မျှတခြင်းမရှိခဲ့ဟု ၎င်းကဆိုသည်။

“လုထုပါဝင်ရမယ့် နေရာမှာ လူထုက နားမလည်တော့ ပါမလာဘူး၊ မမျှတဘူးဆိုတဲ့ အသံတွေထွက်လာတဲ့ ၂၀၁၅ မှာလည်း လူထုကို သေသေချာချာမရှင်းလင်းနိုင်တဲ့ပီအာ စနစ်မျိုးနဲ့ လုပ်ရင် စည်ပင်ရွေးကောက်ပွဲလိုပဲ မမျှမတ ဖြစ်မှာပဲ”ဟု ဦးတင်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် စည်ပင်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ပေါ်ရှိ မဲဆန္ဒရှင် သတ်မှတ်ချက်စံနှုန်းများနှင့် ပြည်စုံသော မဲဆန္ဒရှင်များ မဲထည့်ခွင့် မရသလို ဆန္ဒထုတ်မှုများလည်းရှိခဲ့သည်။

“ပြည်သူကြားထဲ အသိပညာပေးမှု နည်းတယ် အသိပညာပေးမှု နည်းတော့ စိတ်ဝင်စားမှုမရှိဘူး လူထုစိတ်မဝင်စားတော့ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတာမျိုး ဖြစ်သွားတယ်”ဟု NDF ပါတီမှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

စည်ပင်ရွေးကောက်ပွဲသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးစီးကျင်းပခြင်းဖြစ်ပြီး လူထုထံ အသိပညာပေးမှု အားနည်းချက်များ ဖြစ်ပေါ်ခဲ့သည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ပါတီ ခြောက်ဆယ်ကျော်တို့က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အသိပညာပေးခြင်းနှင့် စည်းရုံးခြင်းများ ပြုလုပ်ရန် စီစဉ်ထားကြသည်။

လက်ရှိတွင် အဆိုပါရွေးကောက်ပွဲ၌ ပီအာရ် (အချိုးကျကိုယ်စားပြု) စနစ် ကျင့်သုံးရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတို့က ကြိုးပမ်းနေကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်တိုင်းရင်းသားပါတီများက ကန့်ကွက်ထားသည်။

သို့သော် ရွေးကောက်ပွဲတွင် ပီအာရ်စနစ်ကျင့်သုံးရေးအတွက် အမျိုးသားလွှတ်တော် က အတည်ပြုထားသည်။ အဆိုပါ စနစ်သည် မဲပေးမည့် ပြည်သူတို့ နားလည်နိုင်မည်မဟုတ်၍ အခက်တွေ့မည်ဟူသော ဝေဖန်မှုများလည်း ကြုံတွေ့နေရသည်။ ထို့ပြင် ယင်းစနစ်ကို နိုင်ငံအနှံ ဆန္ဒထုတ်ဖော်ကန့်ကွက်မှုများလည်း ပြုလုပ်ခဲ့သေးသည်။

No comments: