ကေဇူး
ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံကုမ္ပဏီပိုင် ရေနံတင်သင်္ဘောများ စတင်ဝင်ရောက်ပြီ ဖြစ်သည်။
ရေနံတန်ချိန် တစ်သိန်းသုံးသောင်းကျော် ပါဝင်သည့် ရေနံတင်သင်္ဘောတစ်စီး ဇန်န၀ါရီ ၂၄ ရက်က ဆိပ်ကပ်ခဲ့ခြင်းဖြစ်ပြီး “ငါးဖမ်းလှေတွေနဲ့ တားဆီးထားမယ်လို့ ပြောထားတဲ့အတွက် အသိမပေးပဲ ဝင်လာပါတယ်” ဟု ဒေသခံ ဦးထွန်းကြည်က ပြောသည်။
သင်္ဘောများ ဆိုက်ကပ်ရေးအတွက် ဇန်နဝါရီ ၂၀ ရက်မှ ၃၁ ရက်ထိ ဒေသခံ ကမ်းနီးငါးဖမ်း ရေလုပ်သားများကို ရပ်နားထားရန် ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနက လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“သင်္ဘောဝင်လာမယ့်အတွက် ဆယ်ရက်အတွင်း ငါးမဖမ်းဖို့ပြောတယ်၊ ငါးမဖမ်းရင်ကျွန်တော်တို့က ဘယ်လို ထမင်းစားမလဲဗျ” ၎င်းက ပြောသည်။
၎င်းရေနံတင်သင်္ဘောသည် တရုတ်နိုင်ငံသို့တင်ပို့မည့်ရေနံများကို သယ်ဆောင်လာခြင်းဖြစ်ပြီး မဒေးကျွန်း ရေနံလှောင်ကန်များတွင် ထားရှိမည် ဖြစ်သည်။
ကျောက်ဖြူ အုပ်ချုပ်ရေးမှူး ဦးညီညီစိုးက “ဒေသဖွံ့ဖြိုးရေး အတွက်အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အားလုံးက လက်ခံဖို့လိုပါတယ်” ဟု ဆိုသည်။
ရေနံတင်သင်္ဘောများသည် တစ်လလျှင် အနည်းဆုံး တစ်ကြိမ်မှ အများဆုံးသုံးကြိမ်ထိ ဆိုက်ကပ်နိုင်သည်ဟု ဒေသံများနှင့် တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။
ဒေသခံတို့၏ မြေယာလျော်ကြေးကိစ္စများ ပြေလည်မှုမရသေးသဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှတဆင့် မဒေးကျွန်းသို့ ဆိုက်ကပ်လာမည့် ရေနံတင် သင်္ဘောများကို ဒေသခံငါးဖမ်းလှေများက တားဆီးရန်ကြိုးပမ်းခဲ့ကြသေးသည်။
မဒေးကျွန်းဒေသတွင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ နှစ်ထောင်ကျော် ရှိသည်။
No comments:
Post a Comment