Tuesday, January 6, 2015

၂၀၁၄ အတွင်း ကျောက်မဲခရိုင်၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့ ထိတွေ့မှု ၃၄ ကြိမ်ဖြစ်ပွား

အောင်ကိုဦး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း ၂၀၁၄ ခုနှစ်၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ထိတွေ့မှု ၃၄ ကြိမ်ဖြစ် ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့၊ တပ်မတော်နှင့်အရပ်သား အားလုံးပေါင်း ၁၀ ဦးသေဆုံးခဲ့သည်ဟု ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

"ကျွန်တော် တို့ဆီမှာ တက်လာတဲ့ စာရင်းပါ။ တချို့ ဟာတွေက စစ်တပ်က ကိုင်တယ်။ ဒီနယ်မှာက အဖွဲ့စုံ လှုပ်ရှားနေ တာဆိုတော့ ထိတွေ့မှု ကတော့ဖြစ်နေ တယ်။ အဓိကကတော့ RCSS/SSA တို့ SSA (ဝမ်ဟိုင်း -ရွက်ဆစ်) အဖွဲ့တွေရှိတယ်။ အခြားအဖွဲ့တွေလည်းရှိတယ်"ဟု အမည်မဖော်လိုသည့် ရဲအရာရှိ တစ်ဦး က မဇ္ဈိမကို ပြောသည်။

တပ်မတော်နဲ့ လက်နက်ကိုင်များ ထိတွေ့မှုဖြစ်ပွားခဲ့သော နယ်မြေများမှာ သီပေါတွင် ရှစ်ကြိမ်၊ နောင်ချိုတွင် သုံးကြိမ်၊ နမ့်ဆန်တွင် ငါးကြိမ်၊ ကျောက်မဲတွင် ၂၃ ကြိမ်၊ နမ္မတူတွင် သုံးကြိမ်နှင့် မန်တုံတွင် ၁ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သီပေါနှင့် ကျောက်မဲမြို့တွင် တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့များ ဝင်ထွက်သွားလာမှုများ ရှိသောကြောင့် နယ်မြေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အနေဖြင့်အရပ် ဖက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများဖြင့် ပူးပေါင်း၍ လုံခြုံရေးများ ဆောင်ရွက်နေသည်ဟု သိရသည်။ နောင်ချိုမြို့အနီးနှင့် နမ့်ဆန်မြို့ အနီးတို့တွင် လည်းဖြတ် သန်းသွား လာမှုများ ရှိသောကြောင့် မကြာခဏ အရပ်သားဒေသခံများမှာ မိုင်းနင်းမှုများလည်း ကြုံတွေ့နေရသည် ဒေသခံများကဆိုသည်။

၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကျောက်မဲမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်လည်း နောင်ချိုမြို့ အနီး တန်ပိုဂိတ် အနီး တွင်လည်း ပစ်ခတ်မှုများဖြစ်ပွားထားသည်ဟု ခရိုင်ရဲတပ်ဖွဲ့ မှတ်တမ်းအရသိရသည်။

ကျောက်မဲမြို့ မြို့ခံ ဦးတင်မောင်သိန်းမှလည်း "မြို့တွင်းမှာ သေနတ်နဲ့ အပစ်ခံရပြီး နောက်ပိုင်း မြို့ပေါ်မှာ ထိတ်လန့်မှုတွေနဲ့ မလုံခြုံသလို ခံစားရတယ်။ မြို့ လုံခြုံရေး ကျိုးတယ် လို့မြင်တယ်။ မြို့ပေါ် တက်ပစ်တာ ဒါဟာ ပထမဆုံး အကြိမ်ပဲ"ဟု ဦးတင်မောင်သိန်းက သုံးသပ်သည်။

ငြိမ်းချမ်းမှုမရှိခြင်းကြောင့်လည်း ဒေသဖွံ့ဖြိုးမှုအားနည်းပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသွားသည်ဟု ဒေသခံများကပြောသည်။

No comments: