Saturday, January 3, 2015

မြင်းခြံ တောင်သူ ၁၀၀၀ကျော် မြေယာလျော်ကြေးရရန် ဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုမည်

အောင်ကိုဦး

မန္တလေးတိုင်း မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာ ၁၄ ရွာက ဒေသခံတောင်သူ ၁၀၀၀ ကျော်က မြေယာလျော်ကြေး ရရှိရန်အတွက် ဇန်နဝါရီ ၅ ရက်တွင် ဒုတိယအကြိမ် ဆန္ဒဖေါ်ထုတ်သွားမည်ဟု ဦးဆောင်မည့်သူ ဦးမျိုးဝင်းက မဇ္ဈိမကို ပြောသည်။

"သက်ဆိုင်ရာက ဘာမှ လုပ်မပေးဘူး။ တောင်းဆိုနေမှုတွေကို လျစ်လျူရှုထားတယ်။ ပြည်သူ့မျက်နှာကို မကြည့်ဘဲ တစ်ဖက်သက် လုပ်နေတာကို မကျေနပ်ဘူး။ နစ်နာလို့ ဆန္ဒပြတာ။ ဒါကို အရေးယူလည်း ရင်ဆိုင်သွားမယ်"ဟု ၎င်းက ပြောသည်။

တရားဝင် ဆန္ဒပြခွင့်ရရန်အတွက် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ငါန်းဇွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အကြောင်းကြားစာ ပို့ထားပြီးဖြစ်သည်။

အဆိုပါသိမ်းဆည်းမြေများဖြစ်သည့် သံဗို၊ လက်ပံကျင်း၊ အနောက်တောရွာ၊ ဥသျှစ်ကုန်း စသည့်ကျေးရွာ ၁၄ ရွာမှ ဒေသခံများက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေတန်ဖိုး၊ သီးနှံ၊ ထန်းပင်များကို ကာလပေါက်ဈေးဖြင့် ပေးလျော်ခြင်းမရှိဘဲ လုပ်ကိုင်နေခြင်းအား ရပ်တန့်ပေးရန်၊ ဘက်လိုက်သည့် မြို့နယ် တရားသူ ကြီး၊ မြို့နယ် မြေစာရင်းဌာနများ၏ အဂတိ လိုက်စားနေမှုများအား ဖေါ်ထုတ်ပေးရန်အတွက် ထပ်မံဆန္ဒပြ တောင်းဆိုမည်ဖြစ်သည်။

ဆန္ဒထုတ်ဖော်မှုကို ဇန်နဝါရီ ၅ရက် နံနက် ၁၁နာရီ ၃၀ မိနစ် မှ မွန်းလွဲ ၂ နာရီထိ ပြုလုပ်သွားမည်ဖြစ်ပြီး ခေတ်ကာလအလိုက် ထိုက်သင့်သော မြေယာလျော်ကြေးရရှိရေး၊ တရားဥပဒေ ရရှိရေး၊ တရားစွဲဆိုခံရ သော တောင်သူ ၁၀ ဦး လွှတ်ပေးရေး၊ တရားမျှတမှုအတွက် ဥပဒေ၏ အကာအကွယ်ရရှိရေး၊ မြေစာရင်းရုံး၏ မမှန်မကန်ဆောင်ရွက်နေမှု ဖေါ်ထုတ်ပေးရေး၊ အနိုင်ကျင့်တဲ့ မတိုင်းအစိုးရ အလိုမရှိ စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးသွားမည်ဟု ဦးမျိုးဝင်းက ဆိုသည်။

၎င်းတောင်သူများက ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် ပထမအကြိမ် ဆန္ဒပြတောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိသည့်အတွက် ဒုတိယအကြိမ်ဆန္ဒပြစီစဉ်ခြင်းဖြစ်သည်။


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငါန်းဇွန်မြို့နယ် တောင်သူများကို မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေး မပေးဘဲ ဧက ၁၀၀၀၀ ကျော်ကို ၂၀၁၁ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

No comments: