Tuesday, January 6, 2015

စစ်ရေးတင်းမာမှု ဖြစ်ပွားရာ သျှမ်း/တောင် မိုင်းပန်တွင် ဒေသခံတဦး ပျောက်ဆုံးနေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ စစ်ရေး တင်းမာမှု ဖြစ်ပွား လျှက်ရှိသော သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ်မှ ဒေသခံ တဦး ပျောက်ဆုံး နေသည်မှာ ရက် ၂၀ ခန့်ရှိတော့မည် ဖြစ်သော်လည်း ရှာမတွေ့ သေးကြောင်း ဒေသခံ များက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့ ဝိန်းမိုင်ရပ်ကွက်နေ စိုင်းလောဝ်ခမ်း (၃၃) နှစ်သည် ဒီဇင်ဘာ ၂၀ ရက် နေ့က မိုင်းပန်မြို့မှ တောင်ဘက် ၁၆ မိုင်ခန့်ရှိ နောင်လုံ(မ်) ကျေးရွာဘက် စပါးကောက်၍ အပြန် လမ်းခုလတ်၌ ပျောက်ဆုံးသွားသည်မှာ ယနေ့တိုင် ရှာဖွေတွေ့ရှိခြင်းမရှိဟု မိသားစုဝင်တဦးက ဤကဲ့သို့ပြောသည်။

“အရမ်းစိုးရိမ်တယ်။ သူက ပျောက်ကျားအင်္ကျီတို့၊ လက်ကိုင်ဖုန်းတို့ဆို တအားကြိုက်။ ဖုန်းလဲ နှစ်လုံးသုံးလုံး တောင်ကိုင်ထားတာ။ GSM , CDMA 800 , CDMA 450 အားလုံး ရှိတယ်။ နောင်လုံမ် ရွာသားတွေက သူ့ကို ‘မပြန်ပါနဲ့ လမ်းမှာအခြေ အနေသိပ် မကောင်း ဘူး၊ ဗမာစစ်သားတွေတ အားများတယ်’ လို့ တားသေးတယ်။ သူက နားမထောင်လို့ အခုလိုဖြစ်တာ ” - ဟု ဝမ်းနည်းစွာဖြင့် ပြောသည်။

ပျာက်ဆုံးနေသည် စိုင်းလောဝ်ခမ်းသည် အဖ စိုင်းယန်န၊ အမိ နန်းနုံး၊ ဇနီး နန်းလောဝ်ငင်း အသက် ၁၀ နှစ်အောက် သားသမီး နှစ်ယောက်ရှိသည်ဟု ဆိုသည်။

“အမှတ် ၃၃၂ မှ အရာရှိတဦးက - ပျောက်ကျားဘောင်းဘီ၊ ပျောက်ကျားဦးထုပ် နဲ့ လူတ ယောက်ကို စစ်ဟတ်တံတား ဟိုဘက်မှာ ရိုက်နှက်စစ်ဆေးရင်း သေသွားပြီလို့ မိုင်းပန် စည်ပင်ရုံးကို လာပြောတယ်တဲ့ ” - ဟု မိုင်းပန်ရပ်မိရပ်ဖ (ဦး)လုံးစိုင်းကန်း က ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ကစ၍ သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရတို့အကြား ရင်ဆိုင် တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်း ခရီးသွားများအား အစိုးရတပ်မတော်မှ စစ် ဆေးမှု ပိုမို လုပ်ဆောင်လာခြင်းကြောင့် ဗမာစကားမပြာတတ်သည့် ဒေသခံများ အခက်အခဲ ရင်ဆိုင် နေရသည်ဟု ဒေသခံများကပြော သည်။

ဒသခံများပြောကြားချက်အရ ယမန်နေ့ ဂျန္နဝါရီ ၄ ရက်နေ့ တွင်လည်း မိုင်းပန်မြို့ အရှေ့တောင် ဘက် နောင်လေ ဘက်တွင် သေနတ်သံ လက်နက်ကြီးများပစ်ခတ်သံ ကြားနေရသည်ဟု ဆိုသည်။

အဆိုပါဒေသဘက်တွင် လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာ အစိုးရ တို့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ များဖြစ်ကြသည်။

No comments: