ခင်မြတ်မြတ်ဝေ
ရန်ကုန်တိုင်းတွင် ၂၀၁၄ ခုနှစ်အတွင်း လူသတ်မှု အများဆုံးဖြစ်ပွားခဲ့သည့် လှိုင်သာယာမြို့နယ်၌ ရဲဝန်ထမ်းများက အရပ်ဝတ်ဖြင့် ကင်းလှည့်ရာမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ယူနီဖောင်းအပြည့်အစုံဖြင့် ကင်းလှည့်တော့မည်ဟု လှိုင်သာယာ ရဲစခန်းမှ ရဲမှူးကြီး သန်းမြင့်ဦးက မဇ္ဈိမကို ပြောသည်။
"လှိုင်သာယာမြို့နယ်မှာက မနှစ်ကထက် နည်းနည်းများလာတယ်။ လှိုင်သာယာ လူသတ်မှု အများဆုံးပဲ။ အရင်တုန်းထဲကတော့ အရပ်ဝတ်နဲ့။ ယူနီဖောင်နဲ့ ကင်းလှည့်တော့ ပြည်သူတွေက ရဲဝတ်စုံနဲ့ဆိုတော့ ထင်သာမြင်သာရှိတော့ ကျူးလွန်မယ်ဆိုရင် ရဲကိုမြင်တော့ သိပ်မကျူးလွန်း ရဲဘူး၊ ထူးထူးခြားခြား ပုံစံအသစ်နဲ့ ကင်းလှည့်တယ်" ဟု ၎င်း ကဆိုသည်။
လှိုင်သာယာမြို့နယ်တွင် ၂၀၁၄ ခုနှစ်အတွင်း လူသတ်မှု ၂၉ မှုဖြစ်ပွားခဲ့ပြီး ၂၇ မှုမှာ တရားခံကို ဖမ်းမိခဲ့သည်။ ၂၀၁၃ ခုနှစ်ကမူ လူသတ်မှု ၁၃မှု နှင့် ၂၀၁၂ ခုနှစ်တွင် ၁၈မှု ဖြစ်ပွားခဲ့သည်။ လူသတ်မှု ဖြစ်ပွားနှုန်း ဒုတိယအများဆုံး မြို့နယ်မှာ တောင်ဒဂုံမြို့နယ်ဖြစ်သည်ဟု ရဲမှူးကြီးက ပြောသည်။ ယင်းအပြင် လှိုင်သာယာမြို့နယ်သည် မုဒိန်းမှု ဖြစ်ပွားနှုန်း အများဆုံး မြို့နယ်လည်း ဖြစ်နေပြီး ဒုတိယအများဆုံးမှာ တိုက်ကြီးမြို့နယ်ဖြစ်သည်ဟု ဆိုသည်။
လှိုသာယာမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် အင်းအား၄၀ ဖြင့် အောင်ဇေယျတံတာ ဘီအိုစီ အဝိုင်းတစ်လျှောက်၊ ရန်ကုန်-ပုသိမ်လမ်း တစ်လျှောက်၊ ဗိုလ်အောင်ကျော်တံတား - မီးခွက်ဈေး နှင့် ၁၂၄ ကားဂိတ် အနော်ရထားလမ်း တစ်လျှောက်တို့ကို နေ့စဉ် လုံခြုံရေး ယူထားသည့် အပြင် နယ်မြေရဲကင်း (၁၀)ခုဖြင့်လည်း လုံခြုံ နယ်မြေရဲကင်း (၁၀) ခုဖြင့် လုံခြုံရေးယူထားသည် ဟု၎င်း ကဆိုသည်။
ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခု၌ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ အများဆုံးရှိသည့် လှိုင်သာယာမြို့နယ်တွင် မှုခင်းဖြစ်ပွားမှု အများဆုံးဖြစ်သည်ဟု ပြည်ထဲရေးရုံး (ရန်ကင်း) မှ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီး ချစ်ဦးကလည်း ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ အတွင်းက ပြောကြားထားသည်။
မြန်မာတစ်နိုင်ငံလုံးဆိုလျှင် ၂၀၁၁ ခုနှစ်မှ စတင်၍ လူသတ်မှု ဖြစ်ပွားနှုန်းမှာ ၂၀၁၄ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ သည်ဟုလည် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
တစ်နိုင်ငံလုံးတွင် လူသတ်မှု ဖြစ်ပွားနှုန်းသည် ၂၀၁၀ခုနှစ်က ၇၉၅မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှ စတင်ကာ နှစ်ဉ် လူသတ်မှုပေါင်း ၁၃၀၀ ဝန်းကျင် ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ ၂၀၁၄ ခုနှစ်တွင်မူ နှစ်မကုန်မီအထိ လူသတ်မှု စုစုပေါင်း ၁၃၀၀ ကျော် ရှိခဲ့သည်ဟု စာရင်းများ က ဖော်ပြထားသည်။
No comments:
Post a Comment