ကျော်စိုးမိုး
လူနာတင်ယာဉ်တစ်စီးမှ လမ်းဘေးရှိ လူနှစ်ဦးနှင့် အမှိုက်သိမ်းယာဉ်တစ်စီးကို ဝင်တိုက်မိသဖြင့် လူနှစ်ဦး သေဆုံးပြီး၊နှစ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၅ ရက်၊ ည ၁၀ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း အနောက်မှအရှေ့ သမကုန်းအဝိုင်းဘက်မှ အောင်ဇေယျတံတားဘက်သို့ အသက် ၂၁ နှစ်အရွယ် ကိုကျော်နန္ဒမောင်းနှင်လာသည့် ဟိုက်အေ့စ်အမျိုးအစား အဖြူရောင် သူနာတင်ယာဉ်သည် လှိုင်သာယာမြို့နယ်၊ (၇) ရပ်ကွက်၊ စနေမမှတ်တိုင်အနီးတွင် လမ်းယာဘက်ဘေးမှ အမျိုးသားနှစ်ဦးကို စတင်ဝင်တိုက်ခဲ့သည်။
ထို့နောက်ရှေ့မှ ဘီးပေါက်၍ရပ်ထားသည့် ကျောက်တံတားမြို့နယ် စည်ပင်ဌာနပိုင် ဒေါင်ဖန်းအမျိုးအစား အမှိုက်သိမ်းယာဉ်ကို ထပ်မံတိုက်မိခဲ့ပြီး ယာဉ်နှစ်စီးပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၁၅ သိန်းခန့် ရှိခဲ့သည်။
ယင်းသို့တိုက်မိခဲ့သဖြင့် သူနာတင်ယာဉ်မောင်းနှင့် ယာဉ်တိုက်ခံရသည့် လမ်းဘေးမှ အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရခဲ့သဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သူနာတင်ယာဉ်ပေါ်မှ အမျိုးသားတစ်ဦးနှင့် လမ်းဘေးမှ အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင် အတွင်းလူနာများအဖြစ် တက်ရောက်ကုသမှု ခံယူခဲ့ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ သူနာတင်ယာဉ်မောင်းကို အရေးယူပေးပါရန် ရဲအုပ်မြင့်ကျော်ဦးက တရားလိုပြုတိုင်တန်းပြီး လှိုင်သာယာမြို့မ ရဲစခန်းက ယာဉ်(ပ) ၃/၂၀၁၅၊ ပြစ်မှုပုဒ်မ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟု သတင်း ထုတ်ပြန်ထားသည်။
No comments:
Post a Comment