Monday, January 5, 2015

မူးယစ်ဆေးဖြတ်ရန် ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့က မက်သဒုန်း တိုးမြင့်ပေးမည်

ခင်မြတ်မြတ်ဝေ

မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ဆေးဖြတ်ရာတွင် အစားထိုးတိုက်ကျွေးသည့် မက်သဒုန်းကို ယခုနှစ်အတွင်း တိုးမြင့်ပေးမည်ဟု SAVE THE CHILDREN (ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့)မှ Programe Coordinater ဖြစ်သူ ဒေါက်တာဌေးအောင်က ဇန်နဝါရီလ ၂ရက်တွင် ပြောသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မူးယစ်ဆေးအစားထိုး မက်သဒုန်းကို လူဦးရေ ခုနှစ်ထောင်ကျော်လောက်တိုက် နေတယ်။ နောက်ပိုင်းကို တစ်သောင်းအထိ တိုးပြီးတိုက်သွားမယ်” ဟု ဒေါက်တာဌေးအောင်က ပြောသည်။

ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို မက်သဒုန်းအားထိုးတိုက်ခြင်း အပြင် HIV လျှော့ချရေးအတွက် ယခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်မြို့နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊ အင်းတော်ဒေသအတွင်း တိုးချဲ့လုပ်ဆောင်သွားမည်ဟု ဆိုသည်။၏

မူးယစ်ဆေးကို အကြောထဲထိုးသွင်းသူများအား HIVရောဂါ လျှော့ချရေးအတွက် ဆေးထိုးအပ်များလဲလှယ်ပေး သည့် အစီအစဉ်ကို SAVE THE CHILDREN လက်အောက်ရှိ AHRN,MDM,HPA,SARA,BURNET, MERLIN, MANA အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

မက်သဒုန်းကို ၂၀၀၆ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလတွင် မက်သဒုန်းကုထုံးကို တစ်နိုင်ငံလုံးရှိ ၃၅နေရာတွင် လူနာပေါင်း ခုနှစ်ထောင်ခန့်ကို ဆေးတိုက်ကျွေးခဲ့သည်။

၂၀၁၄ ခုနှစ်တွင် UNAIDS မှထုတ်ပြန်ထားသည့် စစ်တမ်းအရ မြန်မာနိုင်ငံရှိ အဓိက ဦးတည်အုပ်စုသုံးခုတွင် HIV ပျံ့နှံ့မှုနှုန်းမြင့်မားသည်ဟု ထုတ်ပြန်ထားသည်။

ယင်းစစ်တမ်းအရ မှုးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူ ၅ဦးတွင် ၁ဦးနှုန်း ဖြင့် ၁၈ဒသမ ၇ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်ဆက်ဆံသူများတွင် ၁၀ဒသမ ၄ရာခိုင်နှုန်း၊ အမျိုးသမီး လိင်လုပ်သားများတွင် ၈ ဒသမ ၁ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြထားသည်။

No comments: