Friday, January 23, 2015

ကယားပြည်နယ်မှ အလုပ်အကိုင်မဲ့ လူငယ်များ ဂျပန်နိုင်ငံသို့ စေလွှတ်ရန် အစီအစဉ်ရှိ

ဆန်းဖြိုးထွန်း

ကယားပြည်နယ်အတွင်းမှ အလုပ်လက်မဲ့ လူငယ်များ ဂျပန်နိုင်ငံတွင် အလုပ်အကိုင်များ သွားရောက်လုပ်ကိုင်နိုင်ရေးအတွက် လာမည့်ဖေဖေါ်ဝါရီလ အစောပိုင်းတွင် သင်တန်းများ စတင်ပြုလုပ်ပေးသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

အသက် ၃၀နှစ်အောက် ယောင်္ကျားလေးလူငယ် အယောက် (၁၀၀)အား လာမည့် ဖေဖော်ဝါရီလ ပထမပတ်တွင် လေးလကြာ သင်တန်းစတင်ပို့ချပေးမှာဖြစ်ပြီး သက်ဆိုင်ရာဂျပန်ကုမ္ပဏီများမှ လာရောက် ရွေးချယ် ခေါ်ယူမှာ ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဇန်န၀ါရီ ၁၅ရက် ကယားဒေးနေ့ အခမ်းအနားမှာ ပြောဆိုသည်။

“သင်တန်းပေးမယ် အဓိကက ဂျပန်စကားပေါ့ ဟိုသွားရင်ဂျပန်စကား မတတ်ရင်မရဘူးလေ ပြီးရင်သူတို့လုပ်မယ့် လုပ်ငန်းတွေ အတွက် ပညာတွေ သင်ပေးမယ် ဥပမာ ဆောက်လုပ်ရေး၊ စိုက်ပျိုး စတဲ့ပညာရပ်တွေကို ဒီမှာအခြေခံလောက် သင်ပေးမယ် ပြီးရင် သက်ဆိုင်ရာ ဂျပန်ကုမ္ပဏီတွေက လာရွေးမယ်ပေါ့”ဟု ဝန်ကြီးချုပ် ဦးခင်မောင်ဦး ကပြောသည်။

၂၀၁၄ခုနှစ် ဒီဇင်ဘာလအစောပိုင်းက ၀န်ကြီးချုပ်အပါအ၀င် ပြည်နယ်အစိုးရအဖွဲ့မှ ဂျပန်နိုင်ငံသို့ သွားရောက်၍ ဂျပန်အစိုးရနှင့် ကုမ္ပဏီပေါင်း ၂၀ တို့တွေ့ဆုံခဲ့ပြီးနောက် ယခုအစီအစဉ်အား သဘောတူခဲ့ကြခြင်း ဖြစ်သည်။

လူငယ်တွေ အနေနှင့် ပြည်နယ်တွင်း အလုပ်ကိုင်ရရှိမှု အလွန်နည်းပါးနေသောကြောင့် အခုလိုအခွင့်လမ်းမျိုး တကယ်ပေးနိုင်မည် ဆိုပါက လက်ရှိ ကြုံတွေ့နေရသည့် ဝင်ငွေ အကျပ်တည်းတစ်ခုကို ကျော်လွှားသွားနိုင်လိမ့်မည်ဟု ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင်လုပ်ကိုင်နေသည့် ကိုပြေငြိမ်းအောင် ကပြောသည်။

“ကျနော်ဆိုအခု ဆောက်လုပ်ရေးထဲမှာ ပင်ပင်ပန်းပန်း လုပ်ရတယ် ဒီမှာက ဒီလိုအလုပ်တွေပဲ လူလိုတာလေ ပြီးတော့ လုပ်အားခ ဆိုလည်း နည်းတယ် ဝင်ငွေက မလောက်ဘူးပေါ့ ဂျပန်သွားဖို့ ကိုယ့်ဘာသာ လုပ်မယ်ဆိုလည်း မလုပ်နိုင်ဘူးလေ အခုလိုစီစဉ်ပေးမယ်ဆိုတော့ သွားချင်တယ်”ဟု ၎င်းက ပြောသည်။

ပြည်နယ်အတွင်း စီမံကိန်းကြီးဖြစ်သော မော်ချီးသတ္တုတွင်းများတွင် လူငယ်များ လုပ်ကိုင်နေကြသော်လည်း တစ်ပြည်နယ်လုံး ခြုံကြည့်ပါက လူငယ်များအတွက် အလုပ်အကိုင်မှာ အလွန်နည်းပါးလှသည်ဟု လူမှုအဖွဲ့စည်းတို့က ဆိုသည်။

လက်ရှိအစိုးရ တတ်လာပြီးနောက် သက်တမ်းကုန်ခါနီးမှ အခုလို စီစဉ်ပေးမှုများဟာ စေတနာအစစ်အမှန် ဖြစ်ရန် အရေးကြီးပြီး ရွေးကောက်ပွဲအတွက် ဆက်လက်အာဏာ တည်တံ့နိုင်ရေး စည်းရုံးမှု မျိုး ဖြစ်ရန်မသင့်ဘဲ လူငယ်များ အတွက် အမှန်တကယ် စေတနာရင်းမှန်ဖြင့် ပြုလုပ်ပေးမှု မျိုးဆိုလျှင် အခုလိုစီစဉ်ပေး မှုအား ထောက်ခံကြိုဆိုကြောင်း ကရင်နီပြည်လူငယ်များ သမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင် ကပြောသည်။

“အခုလိုအလုပ်ကိုင်ရှားပါးနေတဲ့ ချိန်မှာ သူများလို သိန်းပေါင်းများစွာမကုန်ပဲ သွားရမှာတော့ ကောင်းတာပေါ့နော် ဒီအစီစဉ်က လေးနှစ်သက်တမ်း လုံးလုံးမှာ မလုပ်ပေးဘဲ အခုမှ စေတနာတွေ ထားလာတယ်ဆိုတာ တော့စဉ်းစားစရာ ဖြစ်လာတာပေါ့ စိတ်ရင်းမှန်နဲ့လား ရွေးကောက်ပွဲ တွက်လားဆိုတာ… ”ဟု ကိုကျော်ထင်အောင်က ပြောသည်။

ပြည်နယ်အတွင်းရှိ လူငယ်အများ အစုမှာ အလုပ်ကိုင်ရှားပါး သည့်ပြဿနာ ကြုံတွေ့နေကြရသည့် အတွက်ကြောင့် အများစုမှာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှု များမှာလည်း နှစ်စဉ်များပြား လျှက်ရှိကြောင်းသိရသည်။

ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးနိုင်ရန် အတွက် အခြေခံ ဂျပန်ဘာသာစကား၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စသည့် အခြေခံပညာရပ်များအား အနည်းဆုံး လေးလ သင်တန်းများပို့ချပေးသွား မှာဖြစ်ပြီး ဂျပန် နိုင်ငံတွင် သုံးနှစ်သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန် သဘောတူထားကြောင်း၊ ပြန်မလာချင်သေးပါက လည်းဆက်လက် လုပ်ကိုင်နိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

၎င်းက “ဂျပန်အစိုးရနဲ့ နားလည်မှုယူထားတာ သုံးနှစ်ခွင့်ပြုမယ် အဆင်ပြေရင် ငါးနှစ်ထိ ချဲ့ပေးမယ်။ ဒါမှမဟုတ် ပြန်လာချင်တယ်ဆို ပြန်လာ သုံးနှစ် ပြန်လာပြီးတော့ သူတို့သိတဲ့ပညာနဲ့ စိုက်ပျိုးရေးဆိုလည်း စိုက်ပျိုးရေးပေါ့ သူတို့သိလာတဲ့ ပညာဟာ ခောတ်မီတဲ့ သိပ္ပံနည်းကျတဲ့ ပညာတွေ ဖြစ်တဲ့ အတွက်ကြောင့် သူ့မိသားစုအတွက်ကော ကယားပြည်နယ်အတွက်ပါ ပိုပြီးအကျိုးရှိလာလိမ့်မယ် အဲ့ရည်ရွယ်ချက်ပါ”ဟု ပြောသည်။

အခုလို ဂျပန်နိုင်ငံသို့ အလုပ်လုပ်ကိုင်နိုင်ရန် အတွက်ပြုလုပ်ပေးခြင်းတွင် ဂျပန်အစိုးရ၊ ကုမ္ပဏီများနှင့် ပြည်နယ်အစိုးရတို့ တိုက်ရိုက် သဘောတူလုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး ပြည်နယ်တွင်းရှိ လူငယ်များ သွားရောက် လုပ်ကိုင်နိုင်ရန်အတွက် တရာဝင်သွားလာနိုင်ရန်၊ အလုပ်လုပ်ကိုင်မှနေ့စဉ် ရရှိသည့် ငွေများအား မိသားစု ဆီသို့ လွှဲပြောင်း ပို့ဆောင်ရာတွင်လည်း ဂျပန်မှ လွိုင်ကော်ဘဏ်သို့ တိုက်ရိုက် ပို့ဆောင်နိုင်ရန် စသည့် အားမခံချက်များ ဖြင့်စီစဉ်ပေးမှာ ဖြစ်ကြောင်းဆိုသည်။

ဂျပန်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် လူငယ် များမှာ အခြေခံပညာ ရှစ်တန်း မှ ဆယ်တန်းထိ သင်ကြားဖူးသူ အသက်သုံးဆယ်ထက်မကြီးသူ လောလောဆယ် ယောင်္ကျားလေးများကိုသာ အဓိကထား ရွေးချယ် လုပ်ဆောင်ပေးသွား မှာဖြစ်ပြီး အမျိုးသမီးများအား ထပ်မံ ကမ်းလှမ်းလာသည့်အတွက် အစည်းဝေးများ ပြန်လည်ပြုလုပ် ၍ လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

No comments: