စည်သူမောင်မောင်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့နယ်ခွဲတွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အစိုးရက ထားဖြတ်ထားသည့်အပေါ် ယင်းဆုံးဖြတ်ချက်သည် ဆင်ခြင်ဥာဏ် နှင့် ပြည်သူအပေါ် ရိုးသားမှု ရှိရဲ့လားဟု ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တိုင်းလွှတ်တော်အမတ် ဒေါက်တာလှမြတ်သွေးက မေးခွန်းထုတ်လိုက်သည်။
“လွှတ်တော်ထဲမှာလည်း ကျောက်မီးသွေးစက်ရုံကိစ္စကို ဆွေးနွေးခဲ့တယ်၊ အဲဒီ့အထဲမှာသူတို့က လွှတ်တော်ထဲမှာ ပြောတဲ့ အပြောအဆိုရဆိုရင် ကျောက်မီးသွေးစက်ရုံ တည်တဲ့ကိစ္စက သူတို့အနေနဲ့ ဘာမှမဖြစ်လောက်ဘူး၊ မြန်မာပြည်က စွမ်းအင်လိုအပ်ချက်ရှိနေလို သူတို့ ကျောက်မီးသွေးစက်ရုံကို လုပ်လိုက်။ မြန်မာပြည်က ပိုပြီးဖွံဖြိုးတိုးတက်လိုက်မယ့် သဘောထားအမြင်ကို ပြောတဲ့အခါမှာ ဥာဏ်ပညာနဲ့ဆိုင်တယ်” ဟု ဒေါက်တာလှမြတ်သွေးက ဇန်နဝါရီ ၃ရက်က မဇ္ဈိမကို ပြောသည်။
ယင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ဒီဇင်ဘာ ၂၃ရက်က ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင်ပြု လုပ်သည့် အစိုးရ အဖွဲ့နှင့် မြို့မိမြို့ဖများ၊ လူမှု အဖွဲ့ အစည်းများ၊ မီဒီယာများ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည့်အပေါ် ဒေါက်တာလှမြတ်သွေးက ယခုကဲ့သို့ ဝေဖန်ကာ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းစက်ရုံ တည်ဆောက်ပါကကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအတွက် ရေအမြောက်အမြား လိုအပ်ပြီး ထိုရေမှာလည်း ရေချို၊ ရေသန့် သာဖြစ်ရမည်ဖြစ်၍ ငရုတ်ကောင်း ဒေသ၏ မြေအောက် ရေချိုပြတ်လပ်မှုကို ဒေသခံများ ကြုံတွေ့နိုင်သည်ဟု ဆိုကာ စက်ရုံ တည်ဆောက်ရန် လျာထား ထားသည့် အစီအစဉ်အား ပြန်လည် သုံးသပ်သင့်သည်ဟု တိုက်တွန်းကြောင်း အရေးကြီး အဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရေကြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာလှမြတ်သွေးက နိုဝင်ဘာ ၁၄ရက်က ကျင်းပသည့် ဧရာဝတီတိုင်း လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။
အဆို တင်သွင်းသည့် နေ့တွင် ဝန်ကြီးချုပ် ဦးသိန်းအောင်က စီမံကိန်းအား ဒေသခံများ ကန့်ကွက်ပါက လုပ်မည်မဟုတ်ဘဲ၊ ဒေသခံများကို နားလည်အောင် ရှင်းပြမည်ဟု ပြောခဲ့သည်။ သို့သော် ဒီဇင်ဘာ ၂၃ရက်တွင်မူ ဒေသခံများအား နားလည်အောင်ရှင်းပြပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည်ဟု ထပ်မံ ပြောဆိုခြင်း ဖြစ်သည်။
ယင်းစက်ရုံ လုပ်ကိုင်ခွင့် အတွက် သဘောတူစာချုပ် ချုပ်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်လျှင် စက်ရုံ ပိတ်သိမ်းရမည် ဟူသည့် အချက် ကိုလည်းထည့် သွင်းချုပ် ဆိုမည်ဟု ၎င်းက ဆိုသည်။
ငရုပ်ကောင်း ကျောက် မီးသွေး စက်ရုံကို ဂျပန် ကုမ္ပဏီနှင့် မြန်မာနိုင်ငံက A1 Energy တို့က မဂ္ဂါဝပ် ၃၀၀ရှိသည့် စက်ရုံ နှစ်ခု တည်ဆောက် မည်ဖြစ် ပြီးလုပ် ကိုင် ခွင့်ကို ၂၅နှစ် လုပ်ကိုင်ရန် သဘောတူ စာချုပ်ချုပ် ဆိုမည် ဖြစ်သည်။
ယင်းစက်ရုံ တည်ဆောက်ရန် ကွင်းဆင်းစစ်ဆေးမှုများကို ဂျပန်ကုမ္ပဏီနှင့် A1 Energy တို့ ပူးပေါင်းကာ ၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အတွင်း ပြုလုပ် ခဲ့သည်။ စက်ရုံနှစ်ရုံ စုစုပေါင်းအတွက် မြေဧက ၂၀၀ဝန်းကျင် အသုံးပြုကာ ငရုပ်ကောင်း ပင်လယ်အော်၌ တည်ဆောက်မည်ဟု သိရသည်။
ငရုပ်ကောင်းဒေသခံ ပြည်သူများကလည်း ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုကို ကန့်ကွက်သည့်အနေဖြင့် သမ္မတထံ စာတင်ရန် စီစဉ်နေသည်။
No comments:
Post a Comment