စည်သူမောင်မောင်
ပုသိမ်မြို့၊ ချောင်းသာကျေးရွာအုပ်စုရှိ ချောင်းသာကမ်းခြေ ရေရှည် သာယာလှပရေးအတွက် ချောင်းသာကျေးရွာဒေသခံ ၂၀၀ ကျော်က ဇန်နဝါရီ ၅ ရက်က ချောင်းသာကမ်းခြေနှင့် ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြခဲ့သည်။
“ကမ်းခြေသာယာလှပရေးအတွက် လုပ်ဆောင်တာ၊ ကမ်းခြေဈေးသည်တွေ ကမ်းခြေမှာအိပ် ကမ်းခြေမှာစားပြီးနေတော့ အညစ်ကြေးစွန့် တာတွေလည်း ရှိနေတယ်၊ ကမ်းခြေ အရင်လို သာယာလှပစေချင်လို့ ဆန္ဒဖော်ထုတ်တာပါ" ဟု ဆန္ဒပြပွဲ ဦးဆောင်သည့် ဦးသန်းမြင့် က ပြောသည်။
"အရင် နိုင်ငံခြားသားတွေ နေပူဇာလှုံပြီး ကမ်းခြေမှာ အိပ်တယ်၊ အခုဆို ငွေဆောင်နဲ့ ချောင်းသာဆိုရင် ငွေဆောင်ကို ပိုသွားလာတယ်၊ ကမ်းခြေညစ်ပတ်လာလို့”ဟု ၎င်းက မီဒီယာများကို ပြောသည်။
ဆန္ဒပြပွဲတွင် ကမ်းခြေသာယာလှပရေး၊ စည်းကမ်းမဲ့ဈေးသည်များ ပပျောက်ရေးနှင့် ချောင်းသာကမ်းခြေ အဓွန့် ရှည် တည်တံ့ခိုင်မြဲရေး စသည့် ကြွေးကြော်သံများ လက်ကိုင်ဆိုင်းပုဒ်များဖြင့် ကမ်းခြေနှင့် ချောင်းသာကျေးရွာအတွင်း လှည့်လည် ဆန္ဒပြခဲ့သည်။
ပုသိမ်မြို့၊ ချောင်းသာကမ်းခြေတွင် ဈေးဆိုင်များ ဖျက်သိမ်းခံရမှုကြောင့် ကမ်းခြေတွင် ဆိုင်ဖွင့်လှစ်ရောင်းချသူ ၁၀၀ကျော်က ဒီဇင်ဘာလ ၁၉ ရက်ကလည်း ချောင်းသာရှိ၊ ဈေးလမ်းမကြီး၊ မြို့အဝင်လမ်းမ ဟိုတယ်များရှေ့ နှင့် ကမ်းခြေသောင်ပြင်ပေါ်တို့၌ ဆန္ဒပြခဲ့သည်။
ကမ်းခြေတွင် စည်းကမ်းမဲ့ အညစ်အကြေးနှင့် အမှိုက်များ စွန့်ပစ်သည့် ဆိုင်ခန်းများကို ဖျက်သိမ်းမည်ဖြစ်ကာ၊ ကျူးကျော်ဆိုင်ရှင် ၃၇ ဦးကိုလည်း ပုဒ်မ ၁၈၈ဖြင့် တရားစွဲဆိုထားသည်ဟု ချောင်းသာကျေးရွာ အုပ်ချုပ်ရေးမှူးက မီဒီယာများကို ပြောသည်။
No comments:
Post a Comment