မင်းမင်း
စီမံကိန်း 'ရပ်သွားမှ အေးတယ်' ဟု ဝန်ကြီးချုပ် ဦးမြင့်ဆွေပြော
ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ခံရပြီးနောက် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည့် ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ရေး ပြည်သူ့လွှတ်တော်တွင် တင်ပြတောင်းဆိုရန် လွှတ်တော် အမတ်တစ်ဦးက စီစဉ်နေပြီ ဖြစ်သည်။
ကြည့်မြင့်တိုင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသန်းစိန်ကမူ ရန်ကုန်မြို့သစ်စီမံကိန်းကို ပွင့်လင်း မြင်သာစွာ အကောင်အထည်ဖော်ပေးရန် ကျင်းပဆဲ လွှတ်တော်တွင် မေးခွန်း သို့မဟုတ် အဆိုတစ်ရပ် အနေဖြင့် တောင်းဆိုသွားမည်ဟု မဇ္ဈိမကို ပြောသည်။
'ဒေသလိုအပ်ချက်ကြောင့်ပါ။ အခု လွှတ်တော်မှာ အဆိုဖြစ်မလား၊ မေးခွန်းပဲဖြစ်မလားတော့ မသိဘူး။ အချက်အလက်တွေ စုဆောင်းနေပါပြီ' ဟု ဦးသန်းစိန်က ဆိုသည်။
သို့သော်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကမူ ရန်ကုန်မြိ့ သစ်စီမံကိန်းအား 'ရပ်သွားမှ အေးတယ်' ဟု ပြောဆိုလိုက် သည်။
မြေဧက သုံးသောင်းပေါ်တွင် စီမံကိန်း အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းအစိုးရက ချပြလိုက်ပြီး နောက် စိစစ်ရန်ရှိသည်ဟုဆိုကာ ပြန်လည်ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် ဝန်ကြီးချုပ်၊ ဦးမြင့်ဆွေက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းအပေါ် ဦးမြင့်ဆွေက 'ကျွန်တော့သဘောကတော့ ဘာမှ တိုက်လည်း မတိုက်တွန်းဘူး။ ဘာမှလည်း မလုပ်ဘူး' ဟု ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးရန် စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံထောင်ချီပြီး သုံးကြိမ်ထက်မနည်း ဆန္ဒပြတောင်းဆိုထားသည်။
အဆိုပါ စီမံကိန်းအား ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်မှုအပေါ် ဦးမြင့်ဆွေက 'ကျွန်တော်တို့ကတော့ အမှန်အတိုင်းပြောရရင်တော့ ရိုးရိုးသားသားပါ။ ကျွန်တော်တို့ ဘာမှမပတ်သက်ဘူး။ ကျွန်တော့မှာ လယ်တစ်ဧကလည်းမရှိဘူး။ တစ်လက်မလည်းမရှိဘူး' ဟု ဆိုသည်။
အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကြည့်မြင်တိုင်နှင့် လှိုင်သာယာမြို့နယ်အတွင်း ရှိ မြေဧက သုံးသောင်းပေါ်တွင် အမေရိကန်ဒေါ်လာ ၁၅ဘီလီယံခန့် သုံးစွဲပြီး အကောင်အထည်ဖော်သွားမည်ဖြစ်ကာ တိုင်းလွှတ်တော်က ခွင့်ပြုပေးရန် ရန်ကုန်တိုင်းအစိုးရက ၂၀၁၃ခုနှစ် စက်တင်ဘာ ၂၂ရက်က တိုင်းလွှတ်တော်တွင် တောင်းဆိုခဲ့သည်။
ထို့နောက် အဆိုပါစီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိဟု ဒေါက်တာညိုညိုသင်းအပြင် မီဒီယာများတွင်လည်း ဝေဖန်ခဲ့ပြီးနောက် ယင်းစီမံကိန်းအကောင်အထည်ဖော်ရန် သင့်၊ မသင့် လွှတ်တော်အမတ်များ ဆွေးနွေးဆုံးဖြတ်ကြမည့်နေ့ (စက်တင်ဘာ ၂၆ရက်)တွင်ပင် စီမံကိန်းကို စိစစ်ရန်ရှိသောကြောင့် ဆိုင်းငံ့လိုက်သည် ကြေညာပြီး တိုင်းလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်သည်။
တိုင်းအစိုးရ၏ တင်ပြချက်တွင် အဆိုပါ စီမံကိန်းကို မြန်မာစေတနာမြို့သစ်အများပိုင်ကုမ္ပဏီက အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှ ခံစားခွင့် အကျိုးအမြတ်များအဖြစ် အဆင့်မြင့် တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း ၂၀,၀၀၀၊ မိဘမဲ့ ကလေးဦးရေ ၂,၀၀၀ ထားနိုင်မည့် အဆင့်မြင့် ကျောင်းတစ်ကျောင်း၊ ဦးရေ ၂,၀၀၀ ဆံ့ ခေတ်မီဘိုးဘွားရိပ်သာ တစ်ဆောင်၊ တံတားကြေး ကောက်ခံခြင်း မပြုဘဲ ခြောက်လမ်းသွား မြစ်ကူး တံတား ငါးစင်းတို့ကို ကုမ္ပဏီက တည်ဆောက်ပေးသွားမည်ဟု ဆိုသည်။
No comments:
Post a Comment